နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games -2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်   စက်တင်ဘာ   ၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သည့်       ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၄  ရက်  ဒေသစံတော်ချိန်   မွန်းလွဲပိုင်းတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့   မျိုးချစ်ပန်းခြံရှိ Congress စင်တာ၌   ကျင်းပပြုလုပ်သည့်   Inter-national Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။


ကြည့်ရှုအားပေး

ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်   အတူ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း   ပြိုင်ပွဲ Tank Biathlon (Division-1)နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊  တရုတ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ ဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။   အဆိုပါပြိုင်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ        အသင်းက စံချိန်  ၁ နာရီ ၃၆ မိနစ်  ၄၉  စက္ကန့်ဖြင့်  ပထမနေရာမှ  ပန်းဝင်ခဲ့ပြီး ၎င်းနောက်မှ တရုတ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက ရှေ့နောက်ပန်းဝင်နိုင်ခဲ့ကြသည်။

ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်  အဖွဲ့ဝင်များသည် International Army Games-2021 ပိတ်ပွဲအခမ်းအနားနှင့်  ရုရှားကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့  ပါဝင်တက်ရောက်ခဲ့ကြသည်။    ဦးစွာ    ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ကာကွယ်ရေးဝန်ကြီးကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ Chief of the General Staff ဖြစ်သူ Army General Valery Gerasimov က ဂုဏ်ပြုချီးကျူးကြောင်းနှင့် ပြိုင်ပွဲဝင်အသင်း သားများနှင့် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ရန်စေလွှတ်ပေးသည့် နိုင်ငံများ၏  အကြီးအကဲများအား    ကျေးဇူးတင်ရှိပါကြောင်း   ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူအသီးသီးက  တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon (Division-1) တွင်ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် တင့်တပ်ဖွဲ့ဝင်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး Entertainment များဖြင့် ဖျော်ဖြေဧည့်ခံကြပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ် ရေးဝန်ကြီး Army General Kuzhugetovich Shoigu က Video  မှတစ်ဆင့် အခမ်းအနားကို ပိတ်သိမ်းပေးခဲ့သည်။


ထို့နောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် တက်ရောက်လာကြသည့် နိုင်ငံအလိုက်မှ တပ်မတော် အရာရှိကြီးများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။ 

 

အဆိုပါ   International Army Games-2021 ကို နိုင်ငံပေါင်း  ၄၃ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်မြေပြင်စွမ်းရည်ပြိုင်ပွဲ  ၃၄  မျိုး ပါဝင်ကာ ရုရှားနိုင်ငံအပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ  ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့်  စတုတ္ထအကြိမ်   ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊  လေကြောင်းချီတပ်စုများ  စွမ်းရည်ပြိုင်ပွဲများအပြင်  ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့်       ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ Creative   Competition  တွင်လည်း      ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း  ဖြစ်သည်။                                                  

 


ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင်  မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်များက  တင့်ကား မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon (Division-2)၌ စံချိန် ၂ နာရီ ၂၈ မိနစ် ၀၅ စက္ကန့်ဖြင့် တတိယနေရာ၌ လည်းကောင်း၊ မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များက ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်ပြသမှုတွင်  ပထမဆု၊ ရုရှား သီချင်းဖြင့် တစ်ဦးချင်းသီဆိုဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာ ယဉ်ကျေး မှုကို ပေါ်လွင်ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ဒုတိယဆုတို့ကို ဆွတ်ခူး ရရှိခဲ့သည့်အပြင်  အွန်လိုင်းမှတစ်ဆင့်ပရိသတ်များ၏  မဲပေးရွေးချယ်မှုတွင်လည်း တတိယဆုကိုရရှိအောင် အသီးသီး စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် ဆေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပြိုင်ပွဲဝင်အသင်း  ကိုးသင်းအနက် အဆင့်  ၆ နေရာတွင် လည်းကောင်း၊ လေကြောင်းချီတပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အသင်း ၁၈ သင်း အနက် အဆင့်  ၇ နေရာတွင် လည်းကောင်း အသီးသီး ရပ်တည်နိုင်ခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ ကြသည်။

 


မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ  International Army Games ပြိုင်ပွဲများတွင် နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှု များ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ဆက်လက် ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                        

 

သတင်းစဉ်