သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက်ကျေးလက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ

 

ပဲခူး   စက်တင်ဘာ   ၄


ပဲခူးတိုင်းဒေသကြီး    သာယာဝတီခရိုင်အတွင်း  လက်ပံတန်းမြို့နယ်နှင့်    မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၇ ရွာ၊ အိမ်ခြေ ၁၄၆၁၀၊ လူဦးရေ ၆၁၅၈၅ ဦးတို့၏ လူမှုရေး၊ ပညာရေး၊  ကျန်းမာရေး၊  စီးပွားရေး တို့အတွက်   အကျိုးပြုနေသည့်   မြို့နယ်ချင်းဆက် ကျေးလက်လမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။


 ထိုသို့ ဆောင်ရွက်နေမှုကို လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်အား ဆက်သွယ်ထားသည့် တောင်ကြို့ ကုန်းလမ်းအဆင့်မြှင့်တင်     ဆောင်ရွက်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။


ထိုသို့စစ်ဆေးစဉ် တိုင်းဒေသကြီးကျေးလက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မှု     အပိုင်းလိုက် ပြီးစီးမှုအခြေအနေနှင့်    ဆက်လက်ဆောင်ရွက်ရန် အတွက်       ဘတ်ဂျက်လျာထားဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ  တိုင်းဒေသ ကြီးဝန်ကြီးချုပ်က    ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း ပန်းဆက်သွယ်မှုကောင်းမွန်ရေးသည် အဓိကဖြစ်နေ သဖြင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ကြ ရန်   လမ်းညွှန်မှာကြားခဲ့ပြီး    စက်ယန္တရားများဖြင့် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်မှုအား ကြည့်ရှုသည်။


အဆိုပါတောင်ကြို့ကုန်းလမ်းသည် လက်ပံတန်း မြို့နယ်နှင့်  မင်းလှမြို့နယ်အား ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး လက်ပံတန်းမြို့နယ်အပိုင်တွင်(၆/၁.၁၁)မိုင်နှင့် မင်းလှမြို့နယ်အပိုင်တွင်(၇/၇)မိုင်၊ စုစုပေါင်း (၁၄/၀.၁၁)မိုင်ရှည်သော လမ်းဖြစ်သည်။ အဆိုပါ လမ်းကို ၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ်၌  လက်ပံတန်း မြို့နယ်အပိုင်တွင် (၂/၂)မိုင်နှင့် မင်းလှမြို့နယ်အပိုင် တွင် (၀/၅.၈၇၆)မိုင် အရှည်  ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်(mini) ဘတ်ဂျက်တွင် ကျန်ရှိ လမ်းပိုင်းများအား ကျောက်လမ်းခင်းရန်  ဆောင်ရွက် လျက်ရှိသည်။ 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်   တိုင်းဒေသကြီး (ငွေလုံးငွေရင်း)    ရန်ပုံငွေကျပ်  ၄၃၃ သန်းဖြင့် ဇီးကုန်း- ကံညီကို- သာပေါင်း -လယ်တွင်းလမ်း (၁/၆.၁)မိုင်ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျန်ရှိ သည့်လမ်းပိုင်းအား  ကွန်ကရစ်လမ်းအဖြစ်  ထပ်မံ အဆင့်မြှင့်တင်နိုင်ရေး ကျပ်သိန်း ၁၂၀ အား ဖြည့် ဆည်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဇီးကုန်း-ကံညီကို-သာပေါင်း-လယ်တွင်း လမ်းသည် အရှည်(၁/၆.၅၉)မိုင်ရှိသော လမ်းဦးစီးဌာန ပိုင်ဖြစ်ပြီး ဇီးကုန်း- တာပွန်လမ်းနှင့် မြို့တွင်းစည်ပင် လမ်းတို့ဖြင့် ချိတ်ဆက်ထားသည့် Class A အမျိုး အစားလမ်းဖြစ်ရာ ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၁၀၂၈ အိမ်၊ လူဦးရေ ၄၀၂၃ ဦးတို့အား အကျိုးပြုသော လမ်းဖြစ်ကြောင်း သိရသည်။


တင်စိုး(ပဲခူး)