ကမ်းလင့်၍ လက်ကမ်း နိုင်ငံ့ဝန်ထမ်း

 

လင်းနိုင်
 

မကြာခင်ရက်ပိုင်းနဲ့ ဒီရက်ပိုင်းတွေမှာ ဝန်ကြီးဌာနအသီးသီးက ရာထူးနေရာ အသီးသီး ခေါ်ယူခဲ့သလို  လူငယ်ခြေတက် နိုင်ငံ့ရတနာများကလည်း ခေါ်ယူတဲ့ အရေအတွက်ထက် များစွာ ဝင်ရောက်ဖြေဆိုကြတာကို အားပါးတရ မြင်တွေ့ရသည်မှာ လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူမိပါဘိ။
ကံကြမ္မာအလှည့်အပြောင်း  တစ်ခု ကြောင့်သာ လူငယ်တော်တော်များများ မှာ   နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့  အခွင့်အရေး ရလိုက်ခြင်းဖြစ်ပါတယ်။ ဌာနအတော် များများမှာ နေရာလွတ်၊ ရာထူးလွတ်က ခပ်ရှားရှား။  တချို့ ရာထူးအလုပ်အကိုင် အတွက်  ထောင်နဲ့ချီပြီး   နေရာရကြ သလို  တချို့ရာထူးနေရာအတွက် ရာနဲ့ ချီပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာပါတယ်။ ဌာနအတွက်၊ နိုင်ငံ့ အတွက် အကျိုးရှိမယ့် လူငယ်ခြေတက် တွေကို  ရွေးချယ်ခန့်ထားပြီး    နိုင်ငံ့ ဝန်ထမ်းကောင်းတွေအဖြစ် မွေးထုတ် ကာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်ကြီး ကို   ဆက်လက်တည်ဆောက်သွားဖို့ အခွင့်အခါ အချိန်ကောင်းပဲ ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းဖြစ်လာတဲ့   လူငယ်တွေ ဟာ        နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်ဖို့ အတွက် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့ လုပ်ငန်း/ဌာနများမှာ ဝါသနာ၊ စေတနာ၊ အနစ်နာ   ခံနိုင်ဖို့  လိုပါတယ်။  ဒီနာ သုံးနာကို ကျေပါမှ လုပ်ငန်းခွင် ပျော်ရွှင် ပြီး တာဝန်တွေ ထူးချွန်နေမှာ ဖြစ်ပါ တယ်။ ပညာဘယ်လောက်တတ်တတ် လုပ်ငန်းအပေါ်  ဝါသနာမပါ၊  စေတနာ မထား၊ အနစ်နာမခံနိုင်ရင် လုပ်ငန်းခွင် မှာ  အသုံးတည့်တဲ့သူ    ဖြစ်လာမှာ မဟုတ်ပါဘူး။ 
စေတနာနဲ့ အနစ်နာခံကာကြိုးစား
စေတနာနဲ့ အနစ်နာတော့ ခံပါရဲ့၊ ဝါသနာနဲ့ ပညာပိုင်းမှာ အားနည်းပြန် ရင်လည်း   လုပ်ဖော်ကိုင်ဖက်တွေရဲ့ ငြိုငြင်မှုကို ခံရနိုင်ပါသေးတယ်။ ဘွဲ့ရ လူငယ်တစ်ယောက်ဟာ  ဝါသနာပါတဲ့ လုပ်ငန်းကို   ရွေးချယ်ပြီး  စေတနာနဲ့ အနစ်နာခံကာ ကြိုးစားရင် အောင်မြင် မှုကို ရရှိမှာပဲ ဖြစ်ပါတယ်။ ငွေကြေးများ စွာရရှိတဲ့       အလုပ်ကို       လုပ်နိုင်မှ အောင်မြင်တဲ့သူ မဟုတ်ပါဘူး။ ထိုက် သင့်တဲ့    ငွေကြေးရရှိပြီး    စိတ်လုံခြုံမှု ရှိနေရင်၊   ပူပင်စရာကိစ္စနည်းနေရင်၊ စိတ်ရော    ကိုယ်ပါ     အေးချမ်းမှု    ရှိနေရင် အောင်မြင်သူပါပဲ။
သစ္စာမဲ့ရင် ဘဝအဓိပ္ပာယ်မဲ့
ပညာစုံလို့   အရွယ်ရောက်ချိန်မှာ သင့်တော်တဲ့ အလုပ်တစ်ခု ပိုင်ဆိုင်ထား ဖို့က အဓိက အရေးအကြီးဆုံးပါပဲ။ အလုပ် မရှိရင်   ဝင်ငွေလည်း   မရနိုင်တာကြောင့်  အများကြားမှာ      မျက်နှာငယ်ရ သလို    စားသောက်သုံးစွဲချင်စိတ်ကို         အမြဲ ထိန်းချုပ်နေရမှာ       ဖြစ်ပါတယ်။  အလုပ်ရှိရင်    အလုပ်ရဲ့ဂုဏ်ကြောင့် ကိုယ့်ရဲ့ ဘဝကို ထွန်းလင်းတောက်ပစေ နိုင်သလို   မိဘ  ဆွေမျိုး  မိတ်ဆွေ သူငယ်ချင်းအထိ   ထွန်းလင်းတောက်ပ စေနိုင်ပါတယ်။    ကောင်းတဲ့လမ်းကို လျှောက်ရင် ကောင်းတဲ့အကျိုးကို   ရရှိ နိုင်ပြီး မကောင်းတဲ့ လမ်းကို    လျှောက် မိရင်တော့    မကောင်းတဲ့ ဆိုးကျိုးတွေကို   ဆက်တိုက်ရရှိစေနိုင်ပါတယ်။    နိုင်ငံ့ ဝန်ထမ်းတွေကတော့     နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့       တာဝန်တွေကို ထမ်းဆောင်ရတာဖြစ်တာကြောင့်  နိုင်ငံနဲ့ မိမိဌာနအပေါ်   သစ္စာရှိဖို့  အထူးလိုအပ် ပါတယ်။ သစ္စာမဲ့ရင်  ဘဝအဓိပ္ပာယ်တွေပါ မဲ့တတ်ပြီး   မတည်ငြိမ်တဲ့    ဘဝတွေ ဖြစ်သွားတတ်ပါတယ်။
ဥပဒေ၊ နည်းဥပဒေတွေ လေ့လာ
ဌာနအသီးသီးရဲ့ ရာထူးအသီးသီးမှာ ရွေးချယ်ခန့်အပ်ခြင်းခံလိုက်ရတဲ့   နိုင်ငံ့ ဝန်ထမ်းသစ်တွေ၊   နောင်ဆက်လက် ခန့်အပ်ခြင်းခံရမယ့်     နိုင်ငံ့ဝန်ထမ်းသစ် တွေအနေနဲ့       စွမ်းရည်ပြည့်ဝတဲ့၊ စည်းကမ်းကောင်းတဲ့  နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်လာအောင်  ကြိုးစားလေ့လာသင်ယူ ကြဖို့ အကြံပြုလိုပါတယ်။ နိုင်ငံ့ဝန်ထမ်း တစ်ဦး   ဖြစ်လာပြီဆိုရင်  ရိုးသားခြင်း (Honesty)၊    ဖြောင့်မတ်သမာဓိရှိခြင်း (Integrity)၊   ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း (Objectivity)၊     ဘက်မလိုက်ခြင်း (Impartiality) တို့ကို  ခံယူကျင့်သုံး နေရမှာ ဖြစ်သလို့        ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)၊  နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း       နည်းဥပဒေတွေ၊ သက်ဆိုင်ရာဌာနအလိုက် ထုတ်ပြန် ထားတဲ့ ဥပဒေတွေ၊  နည်းဥပဒေတွေကို သိရှိနားလည်အောင် ဖတ်ရှုလေ့လာဖို့ တိုက်တွန်းရင်း  မြန်မာနိုင်ငံတော်ကြီး စဉ်ဆက်မပြတ်  ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက်   နိုင်ငံ့ဝန်ထမ်းအားလုံးက တက်ညီလက်ညီ  ပူးပေါင်းဆောင်ရွက် ကြဖို့   အရေးကြီးချိန်မှာ   နေရပ်ဒေသ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းသစ်များအား ကမ်းလင့်၍ လက်ကမ်း ကြိုဆိုလိုက်ရ ပါတယ်။    ။