နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ(၁/၂)အရာရှိများအား နယ်ဘက်တာဝန်များ လွှဲပြောင်းထမ်းဆောင်နိုင်ရေး အစည်းအဝေးကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၃ 
တပ်မတော်မှ    နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်စဉ်    ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ (၁/၂)  အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ လွှဲပြောင်း တာဝန်ထမ်းဆောင်နိုင်ရေး    ဘုတ်အဖွဲ့အစည်း အဝေးကို  ယနေ့နံနက်ပိုင်းတွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပရာ ဘုတ်အဖွဲ့ဝင်များ၊    အီးအေ  (၁/၂) အရာရှိများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊    လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က  နိုင်ငံတော်ကာကွယ်ရေးတာဝန် များကိုထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် တပ်မတော်မှ အီးအေ(၁/၂)အရာရှိများသည်   နိုင်ငံ့ သားကောင်းပီသစွာဖြင့် နိုင်ငံတော်တာဝန်ကို ရွပ်ရွပ် ချွံချွံ     ထမ်းဆောင်ခဲ့ကြသူများဖြစ်သည့်အတွက်   နိုင်ငံတော်က   ဂုဏ်ပြုထိုက်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော်က တာဝန်ပေးအပ်သည့်အတိုင်း  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အီးအေအရာရှိများ နယ်ဘက် ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရေးကို အကောင်းဆုံးနှင့်  အမြန်ဆုံးဖြစ်အောင်    ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဘုတ်အဖွဲ့အနေ ဖြင့် ၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ အစည်းအဝေး (၁၅)ကြိမ်ပြုလုပ်၍  အရာထမ်း ၇၃ ဦးကို လွှဲပြောင်း တာဝန်ချထားပေးနိုင်ခဲ့ပြီး  အရာထမ်း  ၂၀  အား ၎င်းတို့၏ဆန္ဒအရ   ဝန်ကြီးဌာနများတွင်   တာဝန် ထမ်းဆောင်နိုင်ရေး ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် ယခင် တာဝန်ချထားပေး ခဲ့သော အီးအေ(၁/၂)အရာရှိများသည်   တာဝန် ကျရာဌာနများတွင် ကြိုးကြိုးစားစားဖြင့် လုပ်ငန်း တာဝန်များကို   ထမ်းဆောင်နိုင်ကြသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏      လုပ်ငန်းများ အဆင်ပြေချောမွေ့မှုရှိကြောင်းကို သိရှိရပါကြောင်း။ 
ယခု အရာရှိများ၏ ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးဆက်လက်ကုသရမည့်အခြေအနေ၊    ပညာ အရည်အချင်း၊ ဇနီး၏ အလုပ်အကိုင်အခြေအနေ များနှင့် ဆန္ဒပြုလျှောက်လွှာတွင်ပါရှိသည့်   ဦးစား ပေး ဝန်ကြီးဌာနများအလိုက်  သင့်လျော်မှု ရှိ/မရှိကို ဘုတ်အဖွဲ့က စိစစ်ရွေးချယ်ပေးရန်ဖြစ်ပါကြောင်း၊ ဆန္ဒပြုလျှောက်ထားသည့် ဝန်ကြီးဌာနများ၏ ရာထူး လစ်လပ်မှု အခြေအနေများပေါ်မူတည်ပြီး အကောင်း ဆုံးနှင့် အသင့်လျော်ဆုံးဌာနများကို ကာယကံရှင်၏ ဆန္ဒနှင့်အညီ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊   ယခု  တာဝန်ချထား ပေးမည့် အရာထမ်းများမှလည်း မိမိတာဝန်ကျရာ ဝန်ကြီးဌာနများတွင် လုပ်ငန်းတာဝန်များကို  အဆင် ပြေပြေနှင့် ကြိုးကြိုးစားစား ဆောင်ရွက်သွားစေလို ပါကြောင်း ပြောကြားသည်။ 
ထို့နောက်  ကာကွယ်ရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးနှင့်    လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးတို့က ဆွေးနွေးပြောကြားကြပြီး   အီးအေ (၁/၂)အရာရှိ ၂၃ ဦး၏ ဆန္ဒပြုသော ဝန်ကြီးဌာနများ၊ တာဝန်ထမ်းဆောင်လိုသော ဒေသများကို တစ်ဦး ချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ အီးအေ (၁/၂) အရာရှိများ၏ ဆန္ဒနှင့်အညီ    သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့    အမြန်ဆုံးဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
သတင်းစဉ်