ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၃၃ /၂၀၂၁
နေပြည်တော်၊ ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်
( ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် )
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။
၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ ၊ ပုဒ်မ ၄၂-က နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ တို့အရ ပို့ကုန်တင်ပို့သူက ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သတ်မှတ်ကာလ အတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက် ခြင်းမရှိစေရဟု ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။
၃။ ပို့ကုန်တင်ပို့သူများအနေဖြင့် မိမိ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီး ဖြစ်သည့် ပို့ကုန်ရငွေအနက်မှ အသုံးမပြုဘဲ ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး လေးလအတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်သို့ ဈေးကွက်ပေါက်ဈေးဖြင့် မပျက်မကွက် ရောင်းချရမည်။
၄။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။
သန်းညိန်း
ဥက္ကဋ္ဌ