WHO ကျွမ်းကျင် ပညာရှင်တွေက ကိုဗစ် - ၁၉ တတိယလှိုင်းအနေနဲ့  အောက်တိုဘာလမှာ ကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထား ဒေါက်တာခင်ခင်ကြီး

 

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
 

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၈ ရက် ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
(ယမန်နေ့မှအဆက်)
ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးလိုပါတယ်။ ပြည်ပ နိုင်ငံတွေကနေ ဝင်ရောက်ကူးစက်မှု   မရှိစေရေး သေချာစောင့်ကြပ်ကြည့်ရှုပါတယ်။ ကူးစက်မှုများ တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နဲ့ ယူကေနိုင်ငံတွေက ပြန်လာသူတွေကို ကွာရန်တင်း ၁၄ ရက်ထားပါ တယ်။ ရောက်ပြီး ၃ ရက်နဲ့ ၁၁ ရက်မှာ ဓာတ်ခွဲ နမူနာစစ်ဆေးပါတယ်။   ကျန်တဲ့နိုင်ငံတွေက ဝင်ရောက်လာသူတွေကို ကွာရန်တင်း ၁၀ ရက် ထားပါတယ်။ ၃ ရက်နဲ့ ၇ ရက်မှာ   စစ်ဆေးပါ တယ်။ PCR နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။ 
စစ်ဆေးပြီး ပိုးမတွေ့ဘူးဆိုမှ ကွာရန်တင်းက လွှတ်ပေးတာ  ဖြစ်ပါတယ်။  လေကြောင်း၊   ရေ ကြောင်းကနေ ကူးစက်မှုတွေမလာစေဖို့၊ ကုန်း လမ်းက ဝင်ရောက်လာသူတွေကနေ   တစ်ဆင့် အခြားသူတွေကို ကူးစက်မှုမရှိစေဖို့ အသွားအလာ ၁၀ ရက် ကန့်သတ်တာတွေကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ 
နောက်တစ်ခုက ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံရသူတွေကို စောစီးစွာရှာဖွေဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။  ဒီလို  ရှာဖွေဖော်ထုတ်ဖို့  ဓာတ်ခွဲ စစ်ဆေးမှု(Test) လိုပါတယ်။ Test လို့ ပြောပေ မယ့် ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ချက်တွေ မလိုက်နာဘူးဆိုရင် စစ်သာစစ်တယ် အလကားပဲ၊ အဓိပ္ပာယ်မရှိဘူးလို့ WHO က ပြောထားပါတယ်။ 
ဒါကြောင့်  သံသယလက္ခဏာရှိတဲ့သူတွေကို စစ်ဆေးပါတယ်။  ပိုပြီး  ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနိုင်ဖို့ Test Center တွေ ဖွင့်လှစ်တာ ရှိပါ တယ်။ မြို့နယ်အလိုက် Mobile Swab Team တွေ က Rapid Test တွေနဲ့စစ်ပါတယ်။ ဒါကို WHO က Rapid Test နဲ့ စစ်တယ်ဆိုတာ အချိန်တိုတို အတွင်းမှာ အဖြေရပါတယ်၊ နေရာမရွေး သွားရောက် စစ်ဆေးနိုင်တယ်၊ အလွယ်တကူလုပ်ဆောင်နိုင် တဲ့အတွက် အကျိုးရှိပါတယ်လို့ ပြောထားပါတယ်။ နောက်တပ်မတော်က  ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းတွေမှာ PCR  နဲ့  စစ်ဆေးတာတွေ ရှိပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကဆေးရုံ/ဆေးခန်း တွေမှာ PCR နဲ့ Rapid Test စစ်ဆေးမှုတွေကို ခွင့်ပြုပါတယ်။ ဒီလိုနည်းနဲ့ ရောဂါရှိတဲ့သူတွေကို စောစီးစွာဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်ပါတယ်။
အတည်ပြုလူနာကတစ်ဆင့် အခြားသူတွေကို ကူးစက်မှုမရှိစေဖို့ သူတို့ရဲ့ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး ဆေးရုံတွေ၊ ကိုဗစ်ကုသရေးစင်တာတွေ မှာ ထားရှိပြီး ကုသပေးပါတယ်။  Community Positive Center  တွေ ဖွင့်လှစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း လူနာတွေ လက်ခံကုသပေးဖို့ ဆောင်ရွက်သလို အောက်ဆီဂျင်ရရှိရေးကို ရေတို၊ ရေရှည် ရည်မှန်းချက်တွေချမှတ်ပြီး ဆောင်ရွက်နေ ပါတယ်။ လက်ရှိအောက်ဆီဂျင်လိုအပ်ချက်နဲ့စာရင် ထုတ်လုပ်နိုင်စွမ်းက ပိုပြီးများလာတဲ့  အနေ အထားကို တွေ့ရမှာ ဖြစ်ပါတယ်။ 
စစ်ဆေးလို့ ပိုးတွေ့တယ်ဆိုရင် သူတို့ရဲ့ မိသားစု ဝင်တွေနဲ့ လုပ်ငန်းခွင်ကမိတ်ဆွေတွေ စတဲ့အနီးကပ် ထိတွေ့သူတွေကို အသွားအလာ ၁၀ ရက် ကန့်သတ် ထားပြီး ၃ ရက်နဲ့ ၁၀  ရက်မြောက်တဲ့  နေ့တွေမှာ စစ်ဆေးပါတယ်။ နောက် Stay at Home မြို့နယ်တွေ က လာတဲ့သူတွေကို  အသွားအလာ  ၁၀  ရက် ကန့်သတ်ထားပြီး ၃ ရက်နဲ့ ၁၀ ရက်မြောက်နေ့တွေမှာ စစ်ဆေးပါတယ်။ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့သူတွေကို ဝေဒနာပြင်းထန်မှု၊ အသက်အရွယ်၊ နောက်ခံရောဂါ အပေါ်မူတည်ပြီး ကုသရမယ့် ဆေးရုံနဲ့ ကုသရေးဌာန တွေကို လွှဲပြောင်းပေးတာတွေ ရှိပါတယ်။ 
ကူးစက်မှုများတဲ့ မြို့နယ်တွေကို Stay at Home အိမ်မှာနေထိုင်စေရေး အစီအစဉ်ချမှတ် လုပ်ဆောင် နေတာ အခုဆိုရင် ၁၁၉ မြို့နယ်ရှိပြီဖြစ်ပါတယ်။ Stay at Home မဟုတ်တဲ့ မြို့နယ်တွေမှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားဖို့ လိုပါတယ်။ လိုက်နာရမယ့်  စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့အသိပေးတာ၊ သတိပေး တာ၊ ပညာပေးတာ၊ လိုက်နာမှု အားနည်းရင် အရေး ယူတာတွေ ရှိပါတယ်။ 
ကူးစက်မှုအခြေအနေအပေါ်       မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ကျန်းမာရေး ဌာနတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ က Stay at Home မလုပ်ဘဲ ဒေသအလိုက် အသွား အလာကန့်သတ်တာ၊ အချိန်ကန့်သတ်မှုနဲ့ အိမ်ပြင် ထွက်ခွင့် (Movement Control) ဆောင်ရွက်ပါတယ်။ အချို့နေရာတွေက  လူနေကလည်း  ကျဲပါးတယ်။ ဖြစ်တာကလည်း အုပ်စုလိုက်ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ နေရာကိုလုပ်ခြင်းဖြင့် ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့  အုပ်ချုပ်ရေး   စတဲ့ကိစ္စရပ်တွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ 
ရုံးပိတ်ရက်တွေကို ခြောက်ကြိမ်  ပိတ်ပေးပါတယ်။ စာသင်ကျောင်းတွေလည်း ပိတ်တယ်။ ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေအပေါ်မူတည်ပြီး ပြည်သူလူထု ထဲမှာ ကူးစက်နိုင်ခြေရှိတဲ့သူတွေကို ကျန်းမာရေး အသိပညာပိုပေးတယ်။ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အကျဉ်းထောင်၊ ဘိုးဘွားရိပ်သာနဲ့ စာသင်ကျောင်း တွေကို အသိပညာပေးပါတယ်။ 
ဒီနှစ်ထဲမှာ ကာကွယ်ဆေး အနည်းဆုံး ၅၀ ရာခိုင် နှုန်း ထိုးနှံပေးနိုင်ဖို့နဲ့ ဒီထက်ပိုပြီး ထိုးနှံနိုင်ဖို့ ဆောင် ရွက်ပါမယ်။ ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေက ဩဂုတ်လ ၂၂ ရက်အထိ ၄ ဒသမ ၄၆ သန်း ထိုးနှံပြီး ဖြစ်ပါတယ်။ ဒီထဲမှာ တစ်ကြိမ်တည်း ထိုးနှံရသေးသူ ၂ ဒသမ ၆၆ သန်းနဲ့ အကြိမ်ပြည့် နှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၈ သန်း ပါဝင်ပါတယ်။ 
ကာကွယ်ဆေးတွေကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေးသလို သက်ဆိုင်ရာနှီးနွှယ်ဝန်ကြီးဌာနတွေ နဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းတွေကို မိမိတစ်နိုင်ငံတည်း ဆောင်ရွက် လို့ မရပါဘူး။  ASEAN Network, ASEAN + 3 Network နဲ့ WHO Network ဆိုတာတွေ ရှိပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင် ရွက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရောဂါဖြစ်ပွားမှု တွေကို   သေချာစောင့်ကြည့်   လေ့လာပါတယ်။ အာဆီယံနိုင်ငံတွေနဲ့   သတင်းအချက်အလက်တွေ ဖလှယ်ပါတယ်။၊
ကိုဗစ်-၁၉ က ဘယ်လောက်ကြာတဲ့အထိ ဖြစ် မယ်ဆိုတာ မသိနိုင်တဲ့အတွက် စီးပွားရေးထိခိုက်မှု လျော့ပါးစေဖို့အတွက် စီမံထားပါတယ်။ တရုတ်-မြန်မာ နယ်စပ်က ကုန်သွယ်ရေးဂိတ်တွေမှာ ဖျားနာမှု ရှိ/မရှိ Surveillance လုပ်ငန်းဆောင်ရွက်တာ၊ ကိုဗစ်- ၁၉  ရှိ/ မရှိ စစ်ဆေးတာ၊  လိုအပ်ရင်  ကွာရန်တင်း ထားရှိတာ၊ ကုသရေးစင်တာနဲ့ဆေးရုံတွေ ပြင်ဆင် တာတွေ လုပ်ပါတယ်။
မူဆယ်ဆေးရုံမှာရှိတဲ့  ဓာတ်ခွဲခန်းကို   အဆင့် မြှင့်တင်ပါတယ်။ တရုတ်နိုင်ငံက လှူဒါန်းဖို့ စီစဉ်ထား တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မူဆယ်နဲ့ နမ့်ခမ်းမှာရှိတဲ့ အသက် ၁၈ နှစ်အထက်  လူဦးရေ အားလုံးကို ထိုးနှံပေးဖို့နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှာ ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်ကုသရေးစင်တာ ဆောက်လုပ်တာတွေကို   ရေတိုရေရှည်စီမံချက် တွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါတွေက လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းမှာ ဆောင်ရွက်ချက်တွေ  ဖြစ်ပါတယ်။   ဒီလို    ဆောင်ရွက်ချက်တွေကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်လို့ ကူးစက်မှုတွေက ကျဆင်းလာတယ်လို့ ပြောချင်ပါတယ်။ 
အစီအစဉ်မှူး    ။    ။    ဖြည့်စွက်ပြောကြားလိုတာ 
            ရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    လက်ရှိ  ကိုဗစ် - ၁၉ 
            တတိယ   လှိုင်းက ကျဆင်းလာတဲ့အနေအထား တွေ့နေရပါပြီ။ သို့သော် အောက်ခြေထိရောက်သွားတာ မဟုတ်သေးပါဘူး။ ဘယ်လောက်ကြာနိုင်သလဲဆိုရင် နှစ်ပတ်၊ တစ်လ လောက်အထိ ကြာနိုင်ပါတယ်။ WHO ကျွမ်းကျင် ပညာရှင်တွေက ကိုဗစ် - ၁၉ တတိယလှိုင်းအနေနဲ့ အောက်တိုဘာလမှာ ကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။   နောက်   တစ်လကျော်လောက် ရုန်းကန်ရဦးမယ့်အနေအထား ဖြစ်ပါတယ်။ 
Stay at Home  လုပ်တယ်ဆိုတာ   ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အချို့တွေက ပြောတယ်၊   ကျွန်မတို့ မြို့နယ်မှာ ရောဂါဖြစ်ပွားမှုတွေက သိပ်မများဘူး၊ Stay at Home ပါနေတယ်။ အချို့က ရောဂါဖြစ်ပွား မှုများတယ်၊ ဘာကြောင့် Stay at Home မပါသေး တာလဲ စသဖြင့်ပြောနေကြတာတွေနဲ့  ပတ်သက် ပြီး ရှင်းပြလိုပါတယ်။
ရောဂါဖြစ်ပွားမှုအခြေအနေကို သုံးသပ်တဲ့အခါ ပိုးတွေ့လူနာအရေအတွက် တစ်ခုတည်းကို စဉ်းစား  တာ   မဟုတ်ပါဘူး။   ပိုးတွေ့လူနာသစ်ဦးရေ၊   ပိုးတွေ့ရာခိုင်နှုန်း၊ တစ်စတုရန်း  ကီလိုမီတာမှာ   လူဦးရေ   ဘယ်လောက်နေထိုင်သလဲ၊   ရောဂါ ကူးစက်ပျံ့နှံ့မှုက အသိုက်အဝန်းတစ်ခုတည်းမှာ အများကြီးဖြစ်နေတာလား၊ ဟိုတစ်စု  ဒီတစ်စု ဖြစ်နေတာလား၊ ဒါမှ မဟုတ် တစ်နေရာတည်းမှာ အစုလိုက် အပြုံလိုက်ဖြစ်နေတာလား၊ ပြည်တွင်း က ကူးစက်တာလား၊ နိုင်ငံခြားက ပြန်လာသူတွေ က ကူးစက် တာလား စသဖြင့် ဒါမျိုးတွေကို ကြည့် ပါတယ်။ 
ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင် ရွက်နိုင်တဲ့အခြေအနေ၊   လူအင်အား၊  ဓာတ်ခွဲ စမ်းသပ်မှု၊ ရောဂါကာကွယ်ရေးသတ်မှတ်ချက် တွေကို ပြည်သူလူထုက လိုက်နာ ဆောင်ရွက်နိုင်တဲ့ အနေအထား၊ အချို့   မြို့နယ်တွေနဲ့   ကူးလူး ဆက်သွယ်နိုင်မှုက   အချက်အချာကျသလား၊ ရွှေ့ပြောင်းလုပ်သားတွေရှိလား၊   စက်ရုံအလုပ်ရုံ တွေများလား၊ နယ်စပ်ဒေသနဲ့ ဆက်စပ်မှုရှိသလား စတဲ့ အချက်တွေအပေါ်မူတည်ပြီး အဘက်ဘက်က သုံးသပ်ဆောင်ရွက်ထားတယ်ဆိုတာ  ပြောချင်ပါ တယ်။                                 

Stay at Home မြို့နယ်တွေထဲက ကူးစက်မှု ကျသွားပြီး ထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေကို Stay at Home ကနေ ပယ်ဖျက်ပေးဖို့အစီအစဉ် ရှိပါ တယ်။ ရှေ့တစ်ပတ်မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကို ပြောချင် တာက ကိုဗစ် - ၁၉ တတိယလှိုင်းက ဒုတိယလှိုင်း ထက် ပိုပြီးအရှိန်အဟုန်လည်းပြင်းတယ်၊ ကူးစက် မှု၊ သေဆုံးမှုတွေများတယ် ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို   အကြောင်းအရာ   တစ်ခုခုအပေါ်မှာ သင်ခန်းစာယူတတ်ရင် နောက်ထပ်လှိုင်းတွေ မဖြစ် ပေါ်ဖို့ တားဆီးကာကွယ်ရာမှာ အရေးကြီးပါတယ်။
တတိယလှိုင်းက ဘာကြောင့်ဖြစ်သလဲဆိုရင် ကိုဗစ်-၁၉ ဗီဇပြောင်းပိုးတွေက အိမ်နီးချင်းနိုင်ငံ မှာဖြစ်တယ်။ အိန္ဒိယနဲ့   မြန်မာနယ်စပ်ဒေသမှာ တရားမဝင်  ဝင်ပေါက်တွေ   ရှိတယ်။  ဗီဇပြောင်း ပိုးသယ်ဆောင်လာတဲ့   သူတွေကနေတစ်ဆင့် ကူးစက်မှုတွေရှိတယ်ဆိုတာ သိရပါတယ်။ နောက် တစ်ခုက  လုံခြုံရေးအခြေအနေ   ဖြစ်ပါတယ်။ ဝန်ထမ်းအင်အားနည်းပါးတဲ့အခါ နယ်စပ်ဂိတ်တွေ မှာ အရင်ကလို စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းတွေ အားနည်းခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ နောက် တစ်ခုက  လူစုလူဝေးတွေ  ဖြစ်ပေါ်တဲ့အတွက် ရောဂါဖြစ်ပွားမှုက အစုလိုက်အပြုံလိုက်  ဖြစ်တယ် ဆိုတာ တွေ့ရှိရပါတယ်။ သင်ခန်းစာယူစရာတွေကို သင်ခန်းစာယူပြီး စတုတ္ထလှိုင်းမဖြစ်ပေါ်ဖို့  အာရုံ စူးစိုက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
ကနေဒါနိုင်ငံမှာ   စတုတ္ထလှိုင်းဖြစ်ပွားမှုနဲ့ ကြုံနေရပြီ၊ ဖြစ်ပွားမှုတွေနည်းအောင် အဓိက အချက် သုံးချက် တိုက်တွန်းလိုပါတယ်။   ပထမအချက်က ကာကွယ်ဆေးတွေ များများထိုးဖို့ တိုက်တွန်းပါ တယ်။ ကမ္ဘာ့ကပ်ရောဂါကို   ရပ်တန့်နိုင်တာက ကာကွယ်ဆေး မဟုတ်ပါဘူး၊ ကာကွယ်ဆေး ထိုးနှံ ခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးတွေရှိနေပေမယ့် များများထိုးမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။  
ဒုတိယအချက်က သက်လတ်ပိုင်းလူငယ်တွေ မှာ  ဖြစ်ပွားမှုတွေများတာကို   တွေ့ရပါတယ်။  ဒီ လိုအပ်ချက်အပေါ်မူတည်ပြီး ကာကွယ်ဆေးတွေကို တိုးချဲ့ထိုးပေးဖို့   လိုပါတယ်။   တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးခြင်းကို  မထိုးမနေရသတ်မှတ် ထားတာ ရှိပါတယ်။ အထူးသဖြင့်   အများပြည်သူ နဲ့ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ မဖြစ်မနေထိုးရမှာ ဖြစ်ပါ တယ်။ မထိုးဘူးဆိုရင် ပြည်သူ့ကျန်းမာရေးဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေတွေနဲ့ အရေးယူလို့ရပါတယ်။  အများပြည်သူအကျိုးအတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ မလိုက်နာတဲ့သူကိုလည်း အရေးယူဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးနှံသင့်တဲ့သူတွေ ကို များများထိုးနှံပေးဖို့ အရေးကြီးပါတယ်။
နံပါတ် ၃ က  အရေးအကြီးဆုံး   ဖြစ်ပါတယ်။ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ Mask တပ်တာ၊ လက်ဆေးတာ၊   လူအုပ်စု   ရှောင်တာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာ၊ လေ ကောင်းလေသန့်ရအောင်နေတာ၊ ချောင်းဆိုးနှာချေ ရင် အုပ်ဆိုးတာ  ဒါတွေက  အရေးကြီးပါတယ်။ အခုကမ္ဘာကြီးမှာ ဗီဇပြောင်းပိုးတွေက သူ့ထက်သူ လူစွမ်းကောင်းတွေ      ထွက်ပေါ်နေပါတယ်။ ကာကွယ်ဆေးထိုးနှံသူ   များလာလေလေ   ဗီဇ ပြောင်းပိုးတွေဖြစ်ပေါ်မှုအန္တရာယ်  နည်းလေလေ ဖြစ်ပါတယ်။ 
ဒါကြောင့် ကာကွယ်ဆေးထိုးဖို့  လိုသလို တစ်ဖက်ကလည်း ပြည်သူ့ကျန်းမာရေး စည်းကမ်း တွေ၊ ကိုဗစ်-၁၉ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ တိုက်တွန်းလိုပါတယ်။ ဒါဆိုရင် လက်ရှိ တတိယလှိုင်းကို   အမြန်ဆုံး  ထိန်းချုပ်နိုင်ပြီး နောက်ထပ်ဖြစ်ပွားမှုမရှိအောင်   ကာကွယ်နိုင် မယ်လို့ ပြောလိုပါတယ်။ မြန်မာပြည်သူ ပြည်သား တွေနဲ့ ကမ္ဘာသူကမ္ဘာသားတွေ ကိုဗစ်-၁၉ အန္တရာယ် ကနေ  ကင်းဝေးဖို့အတွက်  ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။