
နေပြည်တော် သြဂုတ် ၃၀
အာဆီယံလူငယ်ဆိုင်ရာ ဖွံ့ဖြိုးမှုအညွှန်းကိန်းများ အစီအစဉ် (၂) (ASEAN Youth Development Index Phase II) မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် သည်။
အခမ်းအနားသို့ အာဆီယံအထွေထွေ အတွင်း ရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ လူငယ်ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ ASEAN Youth Development Index Phase II လုပ်ငန်းအဖွဲ့၊ ပညာရှင်အဖွဲ့၊ UNFPA မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန် ရှိသူများနှင့် အာဆီယံလူငယ်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
လူငယ်များအတွက်အစီအစဉ်များဖော်ထုတ်
အခမ်းအနားတွင် အာဆီယံအထွေထွေ အတွင်း ရေးမှူးချုပ် H.E DATO LIM JOCK HOI က နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာ၌ လူငယ်များသည် အနာဂတ်မျိုးဆက်သစ်များ ဖြစ်ကြောင်း၊ ဒေသ ဆိုင်ရာအနေအထားများအရ မတူကွဲပြားမှုများ ရှိသလို တူညီသည့် အချက်များလည်းရှိကြောင်း၊ လတ်တလော ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ အခြေ အနေများအရလည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကြုံတွေ့ရလျက်ရှိကြောင်း၊ အာဆီယံလူငယ်ဆိုင်ရာ အညွှန်းကိန်းများ အစီအစဉ် (၁) ကို ၂၀၁၇ ခုနှစ်က ထုတ်ဝေနိုင်ခဲ့ပြီး ယခု အစီအစဉ် (၂) ကို မိတ်ဆက် ဖြန့်ချိ၍ လူငယ်များအားလုံးအတွက် လွှမ်းခြုံနိုင်မည့် ဧရိယာ သုံးခုကို ချဉ်းကပ်၍ လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေ့ဆက်လက်၍ လူငယ်များအတွက် ဖွံ့ဖြိုးစေမည့် အစီအစဉ်များကို ဖော်ထုတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီး များက ASEAN Youth Development Index Phase II နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ASEAN Youth Development Index Phase II အား မိတ်ဆက်ဖြန့်ချိနိုင်ခြင်းအပေါ် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူငယ်ဆိုင်ရာ အညွှန်းကိန်းများအစီအစဉ် (၁)မှ စတင်၍ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခု အစီအစဉ် (၂) သည် တက္ကသိုလ်အသီးသီးက ကျောင်းသား၊ ကျောင်းသူများ၏ အာဆီယံအပေါ် သဘောထားအမြင် စစ်တမ်းနှင့် စပ်လျဉ်း၍ ပညာရှင်အဖွဲ့က စနစ်တကျ ကောက်ယူခဲ့ပြီး အစီရင် ခံစာ ထုတ်ဝေနိုင်ခြင်းဖြစ်၍ အာဆီယံဒေသအတွင်း လူငယ်ထု ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် အကျိုးရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. KUNG PHOAK က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အာဆီယံအပေါ်အသိအမြင်စစ်တမ်းကောက်
အာဆီယံလူငယ်ဆိုင်ရာ ဖွံ့ဖြိုးမှုအညွှန်းကိန်း များ အစီအစဉ် (၁) သည် လူငယ်ကဏ္ဍနှင့် စပ်လျဉ်း၍ အဓိကနယ်ပယ်ကြီး လေးခုဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် သာယာဝပြောမှု၊ အလုပ် အကိုင်အခွင့်အလမ်း၊ ပါဝင်ဆောင်ရွက်ခြင်းနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို လည်း ကောင်း၊ အာဆီယံလူငယ်ဆိုင်ရာ ဖွံ့ဖြိုးမှုအညွှန်း ကိန်းများအစီအစဉ် (၂) သည် လူငယ်ကဏ္ဍတစ်ခု ဖြစ်သည့် အသိပညာပေးခြင်း၊ တန်ဖိုးထားမှုနှင့် ကိုယ်ပိုင်အမှတ်လက္ခဏာတို့အား လည်းကောင်း ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်ပြီး YDI Phase II အား အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တက္ကသိုလ် ၁၀ ခု မှ ကျောင်းသား/ ကျောင်းသူ ၁၅၈၂ ဦးနှင့် အာဆီယံ ဒေသတွင်း တက္ကသိုလ် လေးခုမှ ကျောင်းသား/ကျောင်းသူ ၆၂၇ ဦး ပါဝင်၍ အာဆီယံအပေါ် အသိအမြင် စစ်တမ်းကောက်ယူခဲ့၍ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာပညာရှင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၁ ဦးပါဝင်၍ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်