
သံတွဲ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်တွင် ဂွချောင်းတံတား တည်ဆောက်ပြီးစီးမှု ၈၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆောင်ရွက်နေ
အဆိုပါ ဂွချောင်းတံတားတည်ဆောက် ရေးစီမံကိန်းမှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ဂွ-ကျောက်ချွန်လမ်းပေါ်၌တည်ရှိသည်။ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ရခိုင်ပြည်နယ် သံတွဲ ခရိုင် ဂွမြို့နယ်အထိ ဆောင်ရွက်နေသော ငရုတ်ကောင်း - ဆင်မ - ငွေဆောင်-ချောင်းသာ- ရွှေသောင်ယံ- မကျီးဇင်-ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၈) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရက ပြောကြားသည်။
ဂွချောင်းတံတားပေအရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး တံတား အုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ကာ တံတား၏ အပေါ်ထည်မှာ P.C Girder၊ R.C Girder တို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း၊ တံတားခန်းဖွင့်အနေဖြင့် ၂၆ ပေ ၃ လက်မ သုံးခန်း၊ ပေ ၆၀ နှစ်ခန်း၊ ပေ ၁၀၀ ၁၂ ခန်း တို့ဖြင့် ဖွဲ့စည်းထားပြီး ယာဉ်သွားလမ်း အကျယ် ၂၄ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီပါဝင်၍ ရေလမ်းကင်းလွတ်အမြင့် ပေ ၂၀ နှင့် ရေလမ်း ကင်းလွတ်အကျယ် ၈၅ ပေရှိကာ တံတားခံနိုင်ဝန် ခွင့်ပြုယာဉ်အလေးချိန်မှာ ၇၅ တန်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းမှ သိရသည်။
ဂွချောင်းတံတားတည်ဆောက်ပြီးစီးပါက ဂွမြို့တစ်ဖက်ကမ်း၌ရှိသော ကမ်းခြေ ရွာများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းခြေပတ်လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဂွချောင်းတံတားမှတစ်ဆင့် အလွယ်တကူ ဖြတ်သန်းသွားလာနိုင် တော့မည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ များအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်