မန်းချောင်းဆင်စခန်းကို ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေခံသော ခရီးသွားဒေသအဖြစ်ဆောင်ရွက်နေ

 

ငဖဲ ဩဂုတ် ၂၉


မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားအနီး မန်းချောင်းဘေး၌ ဖွင့်လှစ်ထားသော ရွှေစက်တော် မန်းချောင်းဆင်စခန်းမှ ဆင် ၁၁ ကောင်ကို မိုးတွင်း ကာလတွင် သဘာဝအတိုင်း ကြိုးပြင်ကာကွယ်တော စားကျက်သို့ လွှတ်ကျောင်းထားကြောင်း ဆင်စခန်း တာဝန်ခံ ဦးမြတ်မိုးထံမှ သိရသည်။


အဆိုပါ  မန်းချောင်းဆင်စခန်းကို ဧက ၇၀၀ ကျယ်ဝန်းသော ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွင့်လှစ်ခဲ့ပြီး ပွင့်လင်းရာသီတွင် ဘုရားဖူးလာ ပြည်သူများ လာရောက်အပန်းဖြေနိုင်ရန်အတွက် ဆင်များကို စခန်းတွင်ထားရှိကြောင်း၊ မိုးတွင်းကာလ တွင်မူ ကြိုးပြင်ကာကွယ်တောအတွင်း နေ့စဉ် လွှတ် ကျောင်းထားပြီး မန်းချောင်းအတွင်း ဆင်ရေတိုက်၊ ရေချခြင်းများပြုလုပ်ကြောင်း၊   ကြိုးပြင်ကာကွယ် တော ဧက ၇၀၀ ၌ ဆင်စားကျက်ထားရှိ၍ တောထဲ သို့ပြန်လွှတ်ထားကြောင်း  သိရသည်။  ဆင်များကို ဖြည့်စွက်စာအဖြစ် စပါး၊ ကြံနှင့် ပြောင်းဖူးများကျွေးပြီး  လစဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ပေးသည်။


မန်းချောင်းဆင်စခန်းကို ယခု ကိုဗစ်-၁၉ ရောဂါ ကာလတွင် ဖွင့်လှစ်ထားခြင်းမရှိကြောင်း၊ ယခင်က ဆိုလျှင် ပွင့်လင်းရာသီဖြစ်သော ဒီဇင်ဘာလမှ ဧပြီ လကုန်အထိအတွင်း   ခရီးသွားများ   လာရောက်မှု များပြားခဲ့ကြောင်း၊    ဆင်စခန်း   ဝင်ကြေးအဖြစ် နိုင်ငံသားတစ်ဦးလျှင် ကျပ် ၁၀၀၀ နှုန်းနှင့် ဆင်စီးခ ကျပ် ၅၀၀၀ နှုန်း၊ နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ကျပ် ၁၀၀၀၀ နှုန်းနှင့် ဆင်စီးခ ကျပ် ၁၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း၊ ဆင်စခန်းတွင် ဆင်များနှင့် ပတ်သက်ပြီး လာရောက်လေ့လာနိုင်သလို မန်းချောင်း ဘေး၌လည်း  နားနေအပန်းဖြေနိုင်ကြောင်းနှင့် ဆင် စခန်းရှိ တည်းခိုဆောင်များတွင်လည်း အပန်းဖြေ တည်းခိုနိုင်ကြောင်း သိရသည်။


မန်းချောင်းဆင်စခန်းကို   (၁) ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကိုအခြေခံသော ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (၂)ဆင်ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော Community Base Tourism လုပ်ငန်းများ ထွန်းကား လာစေရန်၊ (၃)ဆင်များ၏အလေ့အထ၊  အမူအကျင့် နှင့် နေထိုင်မှုသဘာဝကို သိရှိနားလည်ပြီး ဆင်များ အပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာစေရန်၊  (၄) Ecotourism များ ဖွင့်လှစ်တည်ထောင်ခြင်းဖြင့် မြန်မာ့သဘာဝ တောတောင်ရေမြေများ၏ အလှအပ တရားများကို  ခံစားတတ်လာပြီး ပူးပေါင်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာ ကာ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးကို အထောက် အကူဖြစ်စေရန်၊ (၅)အစိမ်းရောင်စီးပွားရေးလုပ်ငန်း ဖြင့် နိုင်ငံတော်၏ဝင်ငွေရရှိစေရန် စသည့်ရည်ရွယ် ချက် ငါးချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 


မယု(ငဖဲ)