
ရသေ့တောင် သြဂုတ် ၂၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်မှစ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံ ကြမည့် သက်ကြီးရွယ်အိုများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးစကား ပြောကြားသည်။
သြဂုတ် ၁ ရက်က ထိုးနှံခဲ့သည့် ရသေ့တောင်မြို့ တောင်းရင်းတန်း ရပ်ကွက်နှင့် ချောင်းဝရပ်ကွက်တို့မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူ ၇၄ ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း၊ ဓာတ်ပုံ-ထွန်းလင်းကျော်