ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၅


ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ  ဖွင့်ပွဲအခမ်း အနားကို  ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့်    တရုတ်နိုင်ငံ ယူနန်ပြည်နယ်  လင်ချန်းမြို့ ပြည်သူ့အစိုးရတို့က ဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ 

ဖွင့်လှစ်ပေး


ဖွင့်ပွဲအခမ်းအနားကို   နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုးနှင့် တရုတ်နိုင်ငံ လင်ချန်းမြို့ တို့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ညွှန်ကြားရေး မှူးချုပ်  ဒေါ်နော်မူတာကပေါနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ တရုတ်နိုင်ငံမှ ယူနန်ပြည်နယ်   လင်ချန်းမြို့   ကွန်မြူနစ် ဗဟို ကော်မတီ အတွင်းရေးမှူး မစ္စတာယန်ဟောက်သုံး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး မစ္စတာထန်ဆုဖူနှင့် ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ရှောင်ဟွာ တို့က   မိန့်ခွန်းပြောကြားကြသည်။  ထို့နောက် တက်ရောက်လာကြသည့်  ဧည့်သည်တော်များက ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ (လားရှိုး)နယ်စပ်စီးပွားရေးနှင့်  ကုန်စည်ပြပွဲကို ဖွင့်လှစ်ပေး
ကြသည်။


ကုန်စည်ပြပွဲကို   သြဂုတ် ၂၅ ရက်မှ ၂၉ ရက် အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပလျက်ရှိသော တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ တောင်/အရှေ့ တောင်အာရှ  အွန်လိုင်းကုန်စည်ပြခန်းဆောင်တွင် သီးသန့်ပြခန်းဆောင်  တည်ဆောက်ကျင်းပသွား မည်ဖြစ်ပြီး ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများ၊ စားသောက်ကုန်များ၊ လူသုံး ကုန်ပစ္စည်းများ၊ ICT နည်းပညာဝန်ဆောင်မှုလုပ်ငန်း များ၊  လျှပ်စစ်ပစ္စည်းများကို  မြန်မာ၊ တရုတ် ကုမ္ပဏီပေါင်း ၂၀၀ ခန့်က ပါဝင်ပြသကြမည်ဖြစ်သည်။ 


ဒုတိယအကြိမ်    တရုတ်(လင်ချန်း)-မြန်မာ (လားရှိုး)   နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲသို့ တက်ရောက်လိုသည့်   မြန်မာနိုင်ငံမှ   ကုန်သည် လုပ်ငန်းရှင်များအနေဖြင့်  သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ Website : http://www.csa-expo.com တွင် Register လုပ်၍   ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်