မန်းရွှေစက်တော်ဘုရားရှိ ဓာတ်လှေကားတာဝါကို လာမည့်ဘုရားပွဲတော်ရာသီချိန်မတိုင်ခင် အပြီးတည်ဆောက်နေ

 

မင်းဘူး   ဩဂုတ်  ၂၅


မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း ရှိ  မန်းရွှေစက်တော်ဘုရားကြီးတွင်   ဓာတ်လှေကား တည်ဆောက်နေမှုလုပ်ငန်းများအားလုံးကို လာမည့် ၂၀၂၂ ခုနှစ်    ဘုရားပွဲတော်ရာသီချိန်   မတိုင်ခင် အပြီးတည်ဆောက်မည်ဖြစ်ပြီး   ယနေ့အချိန်ထိ လုပ်ငန်းအားလုံး ၄၅ ရာခိုင်နှုန်း   ပြီးစီးနေပြီ  ဖြစ် ကြောင်း   မန်းရွှေစက်တော်ဘုရားဓာတ်လှေကား တာဝါ အရည်အသွေးစစ်ရေးအဖွဲ့ခေါင်းဆောင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးထွန်းထွန်းဝင်းက ပြောသည်။


မန်းရွှေစက်တော်ဘုရားကြီးရှိ  နှစ်ကျိပ်ရှစ်ဆူ စေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ ဆောက် လုပ်နေသော ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge)တည်ဆောက်နေမှုလုပ်ငန်းများ၊ ပြီးစီးမှုအခြေအနေများနှင့်    အရည်အသွေး    စံချိန် စံညွှန်းများ ပြည့်မီရေး၊    သတ်မှတ်ကာလအချိန်မီ ပြီးစီးရေးအတွက်      မန်းရွှေစက်တော်     ဘုရား ဓာတ်လှေကားတာဝါ     အရည်အသွေးစစ်ရေးအဖွဲ့ ခေါင်းဆောင်နှင့် စစ်ဆေးရေးအဖွဲ့ဝင်    အင်ဂျင်နီယာ များက ဩဂုတ် ၂၄ ရက်က ကြည့်ရှုစစ်ဆေးသည်။


မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို ဆောက်လုပ်ရာတွင် အလျားပေ ၂၁၀၊ အမြင့် ၁၁၉ ပေ၊ အကျယ် ၁၂ ပေ ရှိသည့် အတက်နှင့် အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြု‌ငွေ ကျပ်သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တည်ဆောက်နေ ကြောင်း၊  ဘိုးပိုင်တူးခြင်းလုပ်ငန်းများ  ပြီးစီးပြီဖြစ်၍  Lift Colum ဆောက်လုပ်မှုများကို ယခုလကုန်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်း ကာလမှာ ၂၉.၆.၂၀၂၁ ရက်မှ ၉.၁.၂၀၂၂  အထိ ရှစ်လအတွင်း    အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ယခုဆောက်လုပ်နေသည့်    ဓာတ်လှေကား တည်ဆောက်ပြီးစီးပါက   သက်ကြီးဘိုးဘွားများ၊ ကလေးငယ်များ၊  မသန်စွမ်းသူများနှင့်   ဘုရားဖူး ပြည်သူများအနေဖြင့်    နှစ်ကျိပ်ရှစ်ဆူစေတီတော် အနီးမှနေ၍      အထက်ကိုးခန်းကြီးဘုရားအထိ သက်သောင့်သက်သာ တက်ရောက်ဖူးမြော်နိုင်တော့မည်ဖြစ်ကြောင်း  မန်းရွှေစက်တော်ဘုရား   ဂေါပက အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောသည်။

မောင်မောင်
(မင်းဘူး)