
ရန်ကုန် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီ တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းစည်ပင် အိမ်ရာဝင်း၌ ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံးကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုစွန်အမျိုးမျိုး တို့ကို ဝန်ထမ်းမိသားစုများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြား ချက်များ လိုက်နာဆောင်ရွက်နိုင်ရန် လိုက်လံကြည့်ရှု ကြပ်မတ်စစ်ဆေးသည်။
ထို့နောက် မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်း စင်တာ(MCC)ကိုဗစ်ကုသရေးစင်တာသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ်မှု ဖြင့် မြန်မာသီဟကုမ္ပဏီမှ လှူဒါန်းသော တန် ၂၀ Liquid Oxygen Tank တပ်ဆင်ပြီးစီးမှုကို လည်းကောင်း၊ Shine Construction Co.,Ltd. မှ ဆောက်လုပ်နေသော ကိုဗစ်-၁၉ ရောဂါ လူနာ ၂၄၀ ထားရှိနိုင်ရန် အလျား ၁၁၅ ပေ၊ အနံပေ ၄၀ ရှိ လူနာ ဆောင် သုံးဆောင် တည်ဆောက်နေမှုတို့ကို လည်းကောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ဆောင်ရွက်နေသော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ပန်းခြံ၌ အရှည် ၁၃၄၆ ပေ၊ အကျယ် ရှစ်ပေရှိ ပန်းခြံပတ် Interlock လမ်းနှင့် အရှည်ပေ ၄၁၀ ၊ အကျယ် ၂၄ ပေရှိ ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှေ့ လျှောက်လမ်းကွန်ကရစ်ခင်းကျင်းနေမှု၊ မြက်စိုက်ပျိုး၍ မြေယာရှုခင်းပြုပြင်ဆောင်ရွက်နေမှု၊ မီးတိုင်စင်နှင့် ရေငုတ်တိုင်များ ပြုလုပ်ဆောင်ရွက် နေမှုတို့ကိုလည်းကောင်း၊ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)မှ ဆောင်ရွက်နေသော အရှည်ပေ ၃၇၅၀၊ အကျယ် ၂၂ ပေရှိ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအဝင်လမ်းကို အကျယ် ပေ ၃၀ ရရှိအောင် လမ်းဘေး ဝဲ/ယာ ချဲ့ထွင်ဖောက်လုပ်၍ ကွန်ကရစ်ခင်းခြင်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်