မော်လမြိုင် ဩဂုတ် ၂၁
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများကို အဓိကအခန်း ကဏ္ဍမှ အနစ်နာခံ၍ ရောဂါပိုး ကူးစက်ခံပြီး ကုသပေးခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် ဝိုင်းဝန်းကူညီကြသည့် ကျန်းမာ ရေးဝန်ထမ်းများ၊ ပရဟိတလူမှု အဖွဲ့အစည်းများ၊ စေတနာရှင်၊ အလှူရှင်ပြည်သူများကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကုသပေး စဉ် ရောဂါပိုး ကူးစက်ခံခဲ့ရသည့် ကျန်းမာရေး ဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများက လက်ခံယူသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပိုးတွေ့လူနာများအား ကုသပေး သည့် ကျန်းမာရေးဝန်ထမ်း ၁၉၅ ဦးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ငွေကျပ် ၁၉၅ သိန်း ဂုဏ်ပြုချီးမြှင့်ပေးကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)