
ရန်ကုန် သြဂုတ် ၂၁
မြန်မာနိုင်ငံ တရုတ်ကုန်သည် ကြီးများအသင်းချုပ်က မှာယူ တင်သွင်းလာသော Sinophram ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ခုနစ်သိန်းနှင့် ဆက်စပ် ပစ္စည်းများ တင်ဆောင်လာသည့် စင်းလုံးငှားလေယာဉ်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာသည်။ ရောက်ရှိလာသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ခုနစ်သိန်းနှင့် ဆက်စပ် ပစ္စည်းများကို လေယာဉ်ပေါ်မှ အအေးခန်းကားပေါ်သို့ ရွှေ့ပြောင်း နေမှုများကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦး၊ လူမှု ရေးရာဝန်ကြီး ဦးအောင်ဝင်း သိန်း၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်း၊ မြန်မာ နိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်း တို့က သွားရောက်ကြည့်ရူစစ်ဆေး ပြီး လိုအပ်သည်များကို ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ ရောက်ရှိလာသည့် ဆေးများနှင့် ဆက်စပ်ပစ္စည်းများ ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် မှာကြားချက်အတိုင်း အအေးလမ်းကြောင်း မပြတ်စေ ရေး လေဆိပ်သို့ရောက်ရှိလာသည် နှင့်တစ်ပြိုင်တည်း အချိန်နှင့် တစ်ပြေးညီ အအေးခန်းကားများ ဖြင့် သယ်ဆောင်၍ သာကေတ စက်မှုဇုန်ရှိ ဆေးသိုလှောင်ရုံနေရာ သို့ ညတွင်းချင်းသယ်ဆောင်ကာ စနစ်တကျထိန်းသိမ်း သိုလှောင် ထည့်သွင်း ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)