
ရေတာရှည် သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိပြီး ကုသရေး စင်တာများတွင် အောက်ဆီဂျင် လိုအပ်မှုများ ရှိနေသည်ဖြစ်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ စီမံကြီးကြပ်မှုဖြင့် မြို့မိမြို့ဖ များ၊ ကုသိုလ်ရှင်များ စုပေါင်း မတည် လှူဒါန်းငွေများဖြင့် ကြံသနွယ်ကျေးရွာအုပ်စု ရန်ကုန်-မန္တလေးကားလမ်းအနီး တောင်နန် ချွန်ကျေးရွာနေ ဦးမျိုး ဝင်းထွန်း- ဒေါ်သန်းသန်းချို (သုခရွှေပြည့်စုံ)မိသားစုက လှူဒါန်းသော ပေ ၆၀ x ပေ ၆၀ရှိ မြေကွက်နေရာတွင် အောက်ဆီဂျင်စက်ရုံကို ငွေကျပ် သိန်း ၁၃၀၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
PSA Oxygen Generator စက်သည် သြဂုတ် ၁၉ ရက်က ရောက်ရှိတပ်ဆင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် စက်ရုံဖွင့်ပွဲနှင့် စက်လည်ပတ်ခြင်းတို့ကို ဆောင် ရွက်ရာ တောင်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်လင်း၊ တောင်ငူခရိုင် အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်နှင့် အလှူရှင်များက အားပေးကြည့်ရှု သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ သည် တစ်ရက်လျှင် လီတာ ၄၀ အိုး ၇၂ လုံးအထိ ထုတ်လုပ်နိုင်မည် ဖြစ်ကာ ရေနီ၊ မြို့လှ၊ သာဂရ၊ ဆွာ၊ ရေတာရှည်မြို့များရှိ ဆေးရုံများ၊ အောက်ဆီဂျင်အကူအညီပေးရေး ပရဟိတအဖွဲ့များကို လိုအပ် သလောက် ကူညီထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရ သည်။
သန်းလွင်(ဆွာ)