
နေပြည်တော် ဩဂုတ် ၁၈
အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (40th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI ) အစည်း အဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား
ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင် နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက် နေမှုများနှင့် ဒေသတွင်းဖြစ်ပေါ်နေသည့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွက် ချမှတ် ထားသည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ပြီးစီးမှု၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း(အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ်သုံးသပ်ချက် အစီရင်ခံစာ၏ အကြံပြုချက်များအပေါ် ကဏ္ဍဆိုင်ရာအလိုက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စ၊ စတုတ္ထစက်မှုအသွင် ပြောင်းလဲမှုဆိုင်ရာပေါင်းစည်းမှု မဟာဗျူဟာ ရေးဆွဲ ချမှတ်ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပြီးစီးမှုနှင့် အတည်ပြုနိုင်ရေးကိစ္စ၊ ၂၀၂၅ ခုနှစ်အလွန် အာဆီယံ မျှော်မှန်းချက်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုတင်ဆောင်ရွက်ထားရှိမှု များကို ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို အစိုးရကအရှိန်မြှင့်တင်ဆောင်ရွက်နေမှု၊ ပုဂ္ဂလိကကဏ္ဍမှလည်း ကာကွယ်ဆေးထိုးရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာ များကို လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက် (Myanmar Economic Recovery Plan -MERP) ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင် ဆောင်ရွက်နေမှုနှင့် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများကို မြန်မာနိုင်ငံက လိုက်ပါအကောင်အထည်ဖော်မှုနှင့် လိုအပ်ချက် များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အနေဖြင့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံစီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ်သုံးသပ်ချက် အစီ ရင်ခံစာပါ အကြံပြုချက်များကို လည်းကောင်း၊ စတုတ္ထစက်မှုအသွင် ပြောင်းလဲမှုဆိုင်ရာ ပေါင်းစည်းမှု မဟာဗျူဟာကို အတည်ပြုရန်ကိစ္စရပ်ကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်အလွန်အတွက် အာဆီယံ၏ မျှော်မှန်းချက်ရေးဆွဲဆောင်ရွက်ရန်အတွက် အကြံ ပြုချက်များကိုလည်းကောင်း တင်ပြမည်ဖြစ်သည်။
တက်ရောက်
ယင်းအစည်းအဝေးတွင် စင်ကာပူနိုင်ငံ
ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် H.E. Gabriel Lim က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်