
နေပြည်တော် ဩဂုတ် ၁၈
၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေ၊ မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး ရည်မှန်းချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ကျေးလက်ရေရရှိရေး အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ကြိုးပမ်းဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး မဟာ ဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ရေရရှိရေး လုပ်ငန်းများကို မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသများ ရေရရှိမှုအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၆၂ ရာခိုင်နှုန်း သာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းအထိ တိုးတက်အောင်မြင်မှုများရရှိခဲ့ကြောင်း၊ တစ်ဖက် တွင်လည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေရရှိမှုရာခိုင်နှုန်း နည်းပါးသည်ကို တွေ့ရကြောင်း၊ ကျေးလက်နေပြည်သူများအတွက် အခြေခံရေပေးရေးလုပ်ငန်းများ၊ အိမ်သွယ်ရေမီတာ စနစ်၊ ရေသန့်စင်စနစ် စသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ အသိပညာပေးသင်တန်းများ၊ လက်စွဲ စာစောင်များ၊ ရေပေးရေးသုတေသနလုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်ခြင်း စသည့်လုပ်ငန်းများကို ပိုမိုတိုးတက်အောင် တာဝန်ရှိသူများနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ လုပ်ငန်းပေါင်း ၃၅၈၅၀ ကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာပေါင်း ၃၀၈၃ ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၃၁၄၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း နွေရာသီတွင် သောက်သုံးရေ ရှားပါး ပြတ်လပ်သော ကျေးရွာ ၂၃၁၇ ရွာကို သောက်သုံးရေ ဂါလန် ၃၁ သန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ရေရှားပါးကျေးရွာများအတွက် ရေရရှိရေး လုပ်ငန်းပေါင်း ၉၇၂ ခုကို နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူး များက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်အထိ အိမ်သွယ်ရေတိုင် ၃၀၃၈ ရွာ၊ ရေသန့်စင်စနစ် ၁၆၃ ရွာနှင့် စွန့်ပစ် အမှိုက်စီမံခန့်ခွဲမှု ၄၁၉၃ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်