
နေပြည်တော် ဩဂုတ် ၁၇
ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နန်းဦး ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အခမ်းအနားသို့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ) ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတအမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတန်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် သံဃ နာယကအဖွဲ့(ဥက္ကဋ္ဌ) ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ဆရာတော် ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများက ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူ သည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ် တရားတော်များ နာယူကြည်ညိုတော်မူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ) မစိုးရိမ်ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ ဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
အဆိုပါ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများကို ဆွမ်းဆန်တော်၊ ဆီနှင့် ပဲတို့ကို ဆက်ကပ်လှူဒါန်းခဲ့ရာ၌ ဇမ္ဗူသီရိ မြို့နယ်မှ ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းတွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၇၈၄ ပါးနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ကိုးကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်း တို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၂၉၆ ပါး၊ သီလရှင် ၈၈ ပါး စုစုပေါင်း ရဟန်း၊ သာမဏေ အပါး ၁၀၈၀ နှင့် သီလရှင် ၈၈ ပါးတို့အား ဆွမ်းဆန် တော် ၁၁၆ အိတ်၊ ဆီ ပိဿာ ၃၅၀ နှင့် ပဲ ၄၆ အိတ်တို့ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်