
ကလေး ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ထေရ်ကြီး ဝါကြီး ဆရာတော် သံဃာတော်များ၊ သီလရှင် ဆရာလေးများ၊ ခရစ်ယာန်အသင်းတော်များမှ သင်းအုပ်ဆရာ ဆရာမများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုကူညီရေး အသင်းများမှ စေတနာ့ဝန်ထမ်းများနှင့် စက်ရုံအလုပ် ရုံများမှ ဝန်ထမ်းများကို သတ်မှတ်စုရပ်နေရာများ၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပူးပေါင်းကူညီ
ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်နေရာ အသီး သီးသို့ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးပရဟိတအသင်းတို့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စုရပ်သတ်မှတ်နေရာများ၌ ကာကွယ်ဆေး ထိုးနှံရာတွင် ဘာသာရေးအဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၂၂၂ ပါး၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၂၈၄ ဦး၊ ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်း ၇၅ ဦးနှင့် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ဝန်ထမ်း ၆၄ ဦး စုစုပေါင်း ၆၄၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့သည်။
ယနေ့ထိုးနှံပေးသည့် ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinopharm ဖြစ်ပြီး ကလေး မြို့နယ်အတွက် ဆေးအလုံးရေ ၃၀၀၀ ရရှိခဲ့ရာ ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် လူဦးရေ ၆၀၀၀ ကို သတ်မှတ်ဦးစားပေးအစီအစဉ်များဖြင့် ယနေ့မှ စတင်၍ ဩဂုတ် ၁၈ ရက်အထိ မဟာစည် သာသနာ့ရိပ်သာ၊ မြို့နယ်စုပေါင်းရုံး (OSS)၊ မြို့တော် ခန်းမနှင့် အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂) တို့တွင် ထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မောင်ကျော်(ပြန်/ဆက်)