ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာရှိ နှင်းယွန်းဇေတဝန်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒက၏ အန္တိမအဂ္ဂိဈာပန၊ သာဓုကီဠနပူဇာ ကျင်းပ

 

နေပြည်တော် ဩဂုတ်   ၁၅


ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာရှိ နှင်းယွန်းဇေတဝန်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒက၏ အန္တိမအဂ္ဂိဈာပန၊ သာဓု ကီဠနပူဇာကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ အန္တိမဈာပနပူဇာ ကျင်းပရေးကော်မတီနာယက နှင်းကောင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အုတ်တွင်းတပ်နယ်မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ဝတ်အသင်းများ တက်ရောက်ကြသည်။

 

ဦးစွာ တက်ရောက်လာကြသူများက ဆရာတော် ကြီး၏ ကမ္မဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို ကြပြီး  နှင်းကောင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သင်္ကန်း၊  ဆွမ်း ဆန်တော်နှင့်  နဝကမ္မအလှူငွေများ   ဆက်ကပ် လှူဒါန်းကြသည်။ 
ထို့နောက် ညနေပိုင်းတွင်   ဆရာတော်ကြီး၏ ကမ္မဇရုပ်ကလာပ်တော်အား    နှင်းယွန်းဇေတဝန် ကျောင်းတိုက်မှ          နှင်းကောင်းကျောင်းတိုက်ရှိ တေဇောလောင်တိုက်သို့   ပင့်ဆောင်ကာအဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြသည်။

 


နှင်းယွန်းဇေတဝန်ကျောင်းတိုက်   ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒက အား ခမည်းတော် ဦးဟန်စီ၊ မယ်တော် ဒေါ်တင်လှတို့မှ ၁၉၂၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၆ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ဇရပ်ကြီးကျေးရွာ၌ ဖွားမြင်တော်မူခဲ့ပြီး မွေးချင်းငါးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ နှင်းယွန်းဇေတဝန်ကျောင်းဆရာတော်       ဘဒ္ဒန္တ ကောသလ္လကို ဥပဇ္ဈာယ်ပြု၍  သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး ပရိယတ္တိစာပေများကို  သင်ကြားခဲ့ သည်။

 

ထို့နောက် တပည့်ရဟန်း၊    သာမဏေတို့ကို ပရိယတ္တိစာပေများ သင်ကြားပို့ချတော်မူပြီး သံဃ သမ္မုတိသံဃာ့ကိုယ်စားလှယ်  တိုင်းသံဃနာယက အဖွဲ့ဝင်၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပြီး နှင်းကောင်းဓမ္မရိပ်သာ၌ ပဋိပတ်ကျင့်စဉ်တရားများကို ဟောကြားပြသတော် မူခဲ့သည်။ ထိုသို့ သာသနာ့တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် နိုင်ငံတော်အစိုးရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။   ဆရာ တော်သည် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်တော်မူရင်း  ဩဂုတ်   ၁၃   ရက်တွင် သက်တော် ၉၃ နှစ် သိက္ခာတော် ၇၃ ဝါ၌ ဘဝနတ်ထံ စံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်