
နေပြည်တော် ဩဂုတ် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ လူထုဗဟိုပြုစီမံ ကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာခန်းမဆောင်နှင့် စာသင်ကျောင်းမြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရှမ်းစုကျေးရွာ ဆင်အုံငါးမွေးမြူ ကုန်ထုတ် သမဝါယမအသင်း၌ အသင်းအမှုဆောင်များနှင့် တွေ့ဆုံကာ စိုက်ပျိုးကုန်ထုတ် သမဝါယမအသင်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်းနှင့် လုပ်ငန်းများ အောင်မြင်ရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး အသင်းအမှုဆောင်များ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လယ်ဝေး မြို့နယ် ကန်လှကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်း ကောင်း၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ အိမ်အရောက် ရေရရှိရေးလုပ်ငန်းနှင့် ကျေးလက် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ဆောင်ရွက်ပေးလျက်ရှိ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ရေရရှိ ရေးလုပ်ငန်း ၄၇ ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၁၈ မိုင် ၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ်တံတား ၄၂ စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ခုနစ်ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၆ ရွာနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်း ၃၄ ကြိမ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်