ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ဆက်လက်ရေကျော်နေ

 

ပွင့်ဖြူ     ဩဂုတ်    ၁၁


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝ တမံသည် ဩဂုတ် ၁၁ ရက်က တိုင်းထွာအချက်အရ  တမံရေပြည့်မှတ် ၃၄၀ အထက်  ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး     မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ   ဒေသခံပြည်သူများ  သိရှိနိုင်ရန် ကြိုတင်အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်းနှင့်   တမံ ရေပိုလွှဲမှ  ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသေး ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ  တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။ 

 


ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ သည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိနေပြီး ယနေ့ နံနက် ၆ နာရီအချိန်တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၂ ဒသမ ၇ ပေ ခန့် ဆက်လက်ရေကျော် ကျလျက်ရှိပြီး အဆိုပါတမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ ပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်းနှင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ ကြိုတင်သိရှိနိုင်စေရန်အတွက်  တမံအတွင်း  မိုးရေဝင် ရောက်မှုကို   သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ် အခြေအနေသတ်မှတ်၍   အစိမ်းရောင်အလံစိုက်ထူထားရှိပြီး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

 


ထို့အပြင် တမံအတွင်း မိုးရေဝင်ရောက်မှုကို  ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်၏ ကြီးကြပ်မှုဖြင့်  ဝန်ထမ်းများက   အမြဲ စောင့်ကြည့်လျက်ရှိပြီး ထူးခြားမှုအခြေအနေရှိပါက ဒေသခံပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
                                                      

ရဲဝင်းနိုင် (ညောင်ဦး)