ကျောက်ပန်းတောင်းမြို့နယ်အတွင်း သုဂတိရှင် နာရေးကူညီမှုအသင်း၏ အစီအစဉ်ဖြင့်ဝယ်ယူသည့် အောက်ဆီဂျင်စက်သစ်ရောက်ရှိ

 

ကျောက်ပန်းတောင်း   ဩဂုတ်   ၁၁


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်း က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက်၊ သုဂတိရှင်  နာရေးကူညီမှုအသင်း၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့ သည့် တရုတ်နိုင်ငံထုတ် အောက်ဆီဂျင်စက်သစ်မှာ ယနေ့နံနက်ပိုင်းက အဆိုပါစက်ထားရှိမည့် အသင်းရုံးသို့ ရောက်ရှိသည်။

 

အဆိုပါ  အောက်ဆီဂျင်ထုတ်လုပ်မည့်စက်မှာ တရုတ်နိုင်ငံမှထုတ်လုပ်သည့်   စက်ဖြစ်ပြီး   စက် တန်ဖိုးမှာ တရုတ်ယွမ် ငွေ ၃၃၅၀၀၀ ၊ မြန်မာငွေ ကျပ် သိန်း၁၂၅၀ ခန့် ကျသင့်မည်ဖြစ်ကြောင်း သိရ သည်။ 

 


အဆိုပါစက်ကို လောလောဆယ်တွင် သုဂတိရှင် နာရေးကူညီမှုအသင်းရုံးရှိ သုံးထပ်အဆောက်အအုံ ၏ အောက်ဆုံးထပ်တွင် ယာယီထားရှိ၍  အသင်းရုံး ရှေ့  မြေအကျယ်ပေ(၂၀ x ၂၀)ပတ်လည်အတွင်း တန်ဖိုးငွေကျပ် ၂၃၅ သိန်းတန် ၁၆၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးကို တည် ဆောက်ထားရှိပြီးဖြစ်ကြောင်းနှင့်      မြို့နယ်အတွင်း  အောက်ဆီဂျင် လိုအပ်ချက်များကို    ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

 


စက်ဝယ်ယူရရှိရေးအတွက်    လိုအပ်သည့် ရန်ပုံငွေများကို မြို့ပေါ်ရှိ စကားဝါမြေဖောင်ဒေးရှင်းက ငွေကျပ် သိန်း၂၀၀၊ မြို့နယ်မော်တော်ယာဉ်ကြီးများအသင်းက ငွေကျပ်သိန်း ၃၀၀ နှင့်  အင်တော-လက်ပံ ကျင်း-ပေါက်တော ကျေးရွာဖွံ့ဖြိုးရေးလမ်းအလှူရှင် ဦးအေးမောင် မိသားစုက  ငွေကျပ်သိန်း ၃၀၀ တို့ကို  အတိုးမဲ့ထုတ်ချေးပေးပြီး  ထပ်မံလိုအပ်မည့်ငွေကို မြို့မဈေးကြီးသမဝါယမအသင်းက  ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်းနှင့် ချေးငွေများကို    အသင်း အလှူခံရရှိငွေများမှ   ပြန်လည်ပေးဆပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ အောက်ဆီဂျင်စက် တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် လီတာ ၄၀  ဝင်အောက်ဆီဂျင်အိုးကြီး အလုံး   ၆၀   နေ့စဉ်ထုတ်လုပ်ပေးသွားနိုင်မည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ် ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 


ကျောက်ပန်းတောင်းမြို့နယ်အတွက် အောက်ဆီ ဂျင်လိုအပ်ချက် ပြည့်မီစေရန်အတွက် သုဂတိရှင် နာရေးကူညီမှုအသင်းအပြင်  မြို့ပေါ်ရှိ ရပ်မိရပ်ဖများ ကလည်း  ၎င်းတို့အစီအစဉ်ဖြင့် သီးခြားအလှူငွေ ရှာဖွေ၍  ဝယ်ယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ အဆိုပါ အောက်စီဂျင်စက်ရုံအတွက် မြေနေရာကို စိတ္တပါလဂူကျောင်းစာသင်တိုက်အနီးတွင် ထားရှိ မည်ဖြစ်ပြီး မကြာမီလပိုင်း အတွင်းရောက်ရှိမည်ဖြစ် ၍   ယင်းစက်ပါထပ်မံရောက်ရှိလာပါက မြို့နယ် အတွက်  အောက်ဆီဂျင်ထုတ်စက်  နှစ်လုံးဖြစ်၍ လိုအပ်သည့်  အောက်ဆီဂျင်များကို   အပြည့်အဝ ထုတ်လုပ်ပေးသွားနိုင်တော့မည်     ဖြစ်ကြောင်း သိရသည်။                        

နေအောင်(ပြန်/ဆက်)