တိုကျိုအိုလံပစ်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်သည့်အတွက် ဂျပန်ဝန်ကြီးချုပ် ဆူဂါအား အမေရိကန်သမ္မတ ဘိုင်ဒင် ချီးကျူး

cတိုကျို     ဩဂုတ်   ၁၀


ပြီးခဲ့သည့် ဩဂုတ် ၈ ရက်က ပြီးဆုံးခဲ့သည် တိုကျို အိုလံပစ်အားကစားပြိုင်ပွဲကို အောင်မြင်စွာ  ကျင်းပ နိုင်ခဲ့သည့်အတွက်        အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်က   ဂျပန်နိုင်ငံဝန်ကြီးချုပ်   ဆူဂါအား  ချီးကျူးစကားပြောကြားခဲ့သည်။


အမေရိကန်နိုင်ငံသမ္မတ  ဂျိုးဘိုင်ဒင်နှင့် ဂျပန် နိုင်ငံဝန်ကြီးချုပ် ဆူဂါတို့ ဩဂုတ် ၁၀ ရက် နံနက်ပိုင်း တွင် ဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ်  ဂျိုးဘိုင်ဒင်က  ဆူဂါအား ချီးကျူးခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၌ ကျင်းပ ခဲ့သည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဂျိုးဘိုင်ဒင်၏ဇနီး  ဂျေးဘိုင်ဒင်လည်း  တက်ရောက် ခဲ့ကြောင်း သိရသည်။


ဂျပန်ဝန်ကြီးချုပ် ဆူဂါကလည်း  အမေရိကန် နိုင်ငံ၏ အမြဲတမ်းပံ့ပိုးကူညီမှုနှင့်  ပူးပေါင်းဆောင်ရွက် မှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း   ပြန်လည် ပြောကြားခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုကြောင့်  အခက်အခဲများဖြစ်ပေါ်ခဲ့ကာ  အိုလံပစ် ပြိုင်ပွဲကို  တစ်နှစ်ရွှေ့ဆိုင်းခဲ့ရကြောင်း၊  ကိုဗစ်-၁၉  ရောဂါဆိုင်ရာ    ကန့်သတ်ချက်အမျိုးမျိုးကြားမှ အိုလံပစ်ပြိုင်ပွဲကို  ကျင်းပခဲ့ရကြောင်းနှင့်  အိမ်ရှင် နိုင်ငံဖြစ်သည်နှင့်အညီ အိမ်ရှင်နိုင်ငံ၏ တာဝန်များကို  ကျေပွန်စွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း  ဝန်ကြီးချုပ် ဆူဂါက ပြောကြားသည်။


ဩဂုတ် ၂၄ ရက်တွင် စတင်ကျင်းပမည့်  တိုကျို မသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း    ဘေးကင်း လုံခြုံစွာကျင်းပနိုင်ရန်    ရည်ရွယ်ထားပါကြောင်း  ဝန်ကြီးချုပ်ဆူဂါက ထုတ်ဖော်ပြောကြားသည်။ 


နှစ်နိုင်ငံ၏ မဟာမိတ်ပြုမှုကို ပိုမိုတောင့်တင်း စေမည်ဖြစ်ကြောင်းနှင့် လွတ်လပ်ပြီးပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသကို ရရှိစေရန် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း   ဝန်ကြီးချုပ် ဆူဂါနှင့် သမ္မတ ဘိုင်ဒင်တို့က အတည်ပြုပြောကြား ခဲ့သည်။ 


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်