
နေပြည်တော် ဩဂုတ် ၁၀
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံ ဝန်ကြီးဌာန ၁၁ ခုမှ အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း များအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့က လက်မှတ်ရေးထိုးသည်။
ပါဝင်တက်ရောက်
လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းလက်ခံရရှိသည့်ဝန်ကြီးဌာနများ မှ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ အဆင့်မြင့်အရာရှိကြီးများ နှင့် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြ သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)တွင် မြန်မာ နိုင်ငံမှ စီမံကိန်း ၂၂ ခုရရှိခဲ့သော်လည်း “Biosafety level-3 Lab” တည်ဆောက် ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်း လုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်တွင် လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး ကျန် စီမံကိန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ သန်းကျော်ကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံသည် သမားရိုးကျမဟုတ်သော လုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီး သွားလာရေး၊ ဘဏ္ဍာရေးနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်နိုင်ငံများအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုမည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စဉ်အောက်တွင် အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ပေးအပ်ခဲ့ပြီး နှစ်စဉ် မဲခေါင်နိုင်ငံများသို့ နိုင်ငံအလိုက် စီမံကိန်း များ ခွင့်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း စီမံကိန်း ၅၁ ခု၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃ သန်းကို လက်ခံရရှိ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော (၁၇)ကြိမ် မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Keqiang ၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘော ဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်