
နေပြည်တော် ဩဂုတ် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
အားလုံးစုပေါင်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာ တွင် မိမိတို့အနေဖြင့် ဩဂုတ် ၁ ရက်နေ့မှစ၍ အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး အစိုးရ အဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်အနေဖြင့် မိမိက တာဝန်ယူ၍ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးတက်ရာတိုးတက်ကြောင်း ကိစ္စရပ်များအား အားလုံးစုပေါင်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ဆောင်ပေးရန် တာဝန်ရှိကြောင်း၊ မိမိတို့ သည် နိုင်ငံရေးအစိုးရ၊ ပါတီမူဝါဒများဖြင့်ဆောင်ရွက် သည့်အစိုးရ မဟုတ်ဘဲ နိုင်ငံတော်စီမံခန့်ခွဲရေး ကောင်စီ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ရန် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့အား မူဝါဒအဖြစ် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အဆိုပါမူဝါဒများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့တာဝန်ယူရမည့် ကာလသည် အချိန်ကာလခဏသာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှု(၆)လပြည့် မိန့်ခွန်းတွင် မိမိအနေဖြင့် ပြောကြားပြီးဖြစ်ကြောင်း၊ အရေးပေါ် ကာလသတ်မှတ်ခြင်းနှင့်ဆောင်ရွက်၍ မပြီးပါက ဥပဒေအရခွင့်ပြုနိုင်သည်များရှိသည်ကို အရေးပေါ် ကာလပြဋ္ဌာန်းချက်ဥပဒေအခန်းတွင် ပါရှိပြီးဖြစ် ကြောင်း၊ မိမိတို့အစိုးရ၏ စီမံခန့်ခွဲမှု၊ ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုအပေါ်တွင် မူတည်၍ လုပ်ငန်းရပ်များ ဆောင်ရွက်ရသည့် ကာလများ အပြောင်းအလဲဖြစ်လာနိုင်ကြောင်း၊ အချိန်ကာလအားဖြင့် ခေတ္တတာဝန်ယူ ဆောင်ရွက် သည် ဆိုသော်လည်း ပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေး ကိစ္စများအား မဖြစ်မနေဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းမှုများရှိအောင်လည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ရွေးကောက်ပွဲ အား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည်
ပြည်သူများ၏ စားဝတ်နေရေးကိစ္စများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီအသွင် ကူးပြောင်းကာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် တွင် လျှောက်လှမ်းခဲ့ပြီး သမ္မတကြီးဦးသိန်းစိန် လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈- ခုနှစ်)အရ ဆောင်ရွက်၍ရသည်များကို ဆောင်ရွက် ပေးခဲ့သကဲ့သို့ ၂၀၁၆ ခုနှစ်တွင် တက်လာသည့်အစိုးရ အနေဖြင့်လည်း နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား တတ်နိုင်သမျှဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း ရာတွင် ပြည့်စုံမှုမရှိသေးဘဲ ဆောင်ရွက်ရန်ရှိသည် များ များစွာရှိနေသေးကြောင်း၊ ပြီးခဲ့သည့် ၆ လတာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေအရပ်ရပ် အား သုံးသပ်ကြည့်ပါက ဒီမိုကရေစီနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များ များစွာရှိသေးသည်ကို သင်ခန်းစာတစ်ခုအနေဖြင့် ရရှိကြောင်း၊ ဒီမိုကရေစီ၏ အခြေခံမူနှင့် ကိုက်ညီအောင်လည်း ဖော်ဆောင်ပေးရ မည့် လုပ်ငန်းရပ်များရှိကြောင်း၊ အဆိုပါလုပ်ငန်းရပ် များမှာ ဥပဒေ၊ စည်းကမ်းများအား ယခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့သွားနေသည့် နိုင်ငံရေးလမ်းကြောင်းသည် ပြည်သူများ၏ ဆန္ဒဖြစ်သော်လည်း နိုင်ငံ၏ပကတိ အခြေအနေများနှင့် ကိုက်ညီရန်လိုအပ်ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီတောင်းဆိုမှုများရှိခဲ့ သော်လည်း ဒီမိုကရေစီနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိနားလည်သူများ နည်းပါးသည်ကို မှတ်တမ်း မှတ်ရာများအရ လေ့လာသိရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီတည်ဆောက်မှုကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း။
မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာများစွာရှိ
မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြကြောင်း၊ ထို့ကြောင့် ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှုအောက်တွင် မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာများစွာရှိကြောင်း၊ ရှေးရိုးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုကို တည်ဆောက် ရာတွင် အမျိုးသားရေးစရိုက်လက္ခဏာ (National Characteristics ) ကို ပထမဆုံး ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးခန့်ရှိကြောင်း၊ ပြည်သူများ၊ တိုင်းရင်းသားအားလုံးအနေဖြင့် ပါတီစုံ ဒီမိုကရေစီ စနစ်လမ်းကြောင်းကို လက်ခံကြကြောင်း၊ တိုင်းရင်းသားအားလုံးဖွံ့ဖြိုးတိုးတက်မှု၊ ညီညွတ်မှု၊ သာယာဝပြောမှု စသည့်အကျိုးများကို ခံစားချင်ကြ သူများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး အများအားဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ကြ ကြောင်း၊ မိမိတို့နိုင်ငံတွင် သင့်တင့်သည့် ရာသီဥတု များရှိပြီး မြောက်မှ တောင်သို့ စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ လေးမြို့၊ ကုလားတန်စသည့် မြစ်ကြီးများနှင့် အခြားမြစ်များရှိ ကြောင်း၊ အဆိုပါမြစ်ကြီးများပေါ်တွင် အခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံအတွင်း ပညာတတ်များပေါများရန် လိုအပ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် ပညာတတ် များပေါကြွယ်ဝရေးအတွက် ကြိုးပမ်းဆောင်ရွက် နေရသကဲ့သို့ ဆင်းရဲမွဲတေမှုများကို လျှော့ချနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံရေးအခြေအနေ များနှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စီးပွားရေး ကျဆင်းမှုများကြောင့် ပိုမို ရုန်းကန်နေရသည်များ ရှိကြောင်း၊ နိုင်ငံအတွင်း အလုပ်အကိုင်အခက်အခဲ များကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ် အကိုင်များ ဆောင်ရွက်နေသူများရှိကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိသည့်အချိန်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခသည် ယနေ့ အချိန်အထိ နှစ်ပေါင်း ၇၅ နှစ်နီးပါးခန့်ရှိနေသေး ကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံအချို့နှင့် လူဝင်မှုပြဿနာများကြောင့် နိုင်ငံသားပြဿနာများ ရှိသည့်အပြင် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသား မှတ်ပုံတင်မရရှိသေးသည့် နိုင်ငံသားဦးရေ ၄ သန်းခန့် ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဆိုပါအချက်များ သည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများပင် ဖြစ်ကြောင်း၊ အဆိုပါ အချက်များအပေါ်တွင် မူတည်၍ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံကို မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်ရမည်ကို စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝရေးသည် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ် သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အခြေခံ ဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် မသင်မနေရအခြေခံ ပညာများကို သင်ကြားရမည်ဟု ပါဝင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ဒေသ အလိုက် ပြည်သူများ၏ ပညာရည်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ စီမံ ဆောင်ရွက်ရန်လိုကြောင်း၊ စာသင်ကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ပြည့်စုံရေး၊ သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံရေး၊ အရည် အချင်းပြည်ဝသည့် ဆရာ၊ ဆရာမများရရှိရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် စာမတတ်သူပပျောက် ရေးမှတစ်ဆင့် ပြည်သူများ အခြေခံပညာအလယ် တန်းပြီးဆုံးသည်အထိ ရည်မှန်းချက်ထားဆောင်ရွက် ကြရန်လိုကြောင်း။
ပညာရှင်များပေါများရေး
အလားတူ စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရှင် များပေါများရေးသည် အခြေခံ လိုအပ်ချက်ပင်ဖြစ် ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာရှင်များ ပေါများရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များ၊ နည်းပညာရှင်များ၊ ဆောက်လုပ် ရေးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများလည်း ပေါများရန် လိုအပ်ကြောင်း၊ ဒေသအလိုက် ပညာတတ်များ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ် များ ပေါကြွယ်ဝခြင်းသည် နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဖြစ်ကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါများ အောင် ဆောင်ရွက်ရေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ကြောင်း။
စီးပွားရေးမြှင့်တင်မှုနှင့်ပတ်သက်၍ လူတစ်ဦး ချင်း၏ ဝင်ငွေရရှိရေးအတွက် နိုင်ငံသားများ ပြည်တွင်း ၌ အလုပ်အကိုင်များ ခိုင်ခိုင်မာမာရရှိအောင် ဖန်တီး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဆိုပါက အဆိုပါလုပ်ငန်းများပေါ်တွင် မူတည်၍ စက်ရုံအလုပ်ရုံလုပ်ငန်းများ ဖွင့်လှစ်နိုင်ခြင်းဖြင့် အလုပ်အကိုင်များ ပေါများလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးပြည့်မီရေး နှင့် ဈေးကွက်ရရှိရေးအတွက် သုတေသနလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ် ကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး သင့်တင့် မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အလားတူ ဒေသအလိုက် ဝမ်းစာဖူလုံရေးအတွက် သီးနှံများ အထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ပါက ဒေသ အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သီးနှံအထွက်နှုန်းသည် နိုင်ငံတကာ ထက် လျော့နည်းနေသေးကြောင်း၊ ဝမ်းစာဖူလုံမှု မရှိသည့် ဒေသများတွင် ဆန်နှင့်ဂျုံများအား ဦးစားပေး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသ ပြင်ပမှ ဝယ်ယူစားသုံးမှုမပြုရခြင်း၊ ပြည်ပမှဝယ်ယူ စားသုံးခြင်းများမပြုရပါက ဒေသအတွင်း၊ နိုင်ငံ အတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများပြားလာပြီး နိုင်ငံချမ်းသာခြင်းပင်ဖြစ်ကြောင်း။
ပြည်ပသွင်းကုန်များ လျှော့ချရေး
ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့်ပတ်သက် ၍ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပြည့်ပြည့်စုံစုံဖြင့် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်ပ သွင်းကုန်များ လျှော့ချရေးသည် မိမိတို့နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကုန်သွယ်မှုနှင့် ဘတ်ဂျက်လိုငွေများရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ များပြားအောင် ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန် လိုကြောင်း၊ အထူးသဖြင့် ပြည်ပနိုင်ငံများမှ စားသုံး ကုန်များ တင်သွင်းနေရကြောင်း၊ ဥပမာအားဖြင့် စားသုံးဆီများအား ပြည်ပမှ ငွေကြေးသန်းပေါင်း များစွာဖြင့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ ဆီအုန်းများကို စိုက်ပျိုးကြကြောင်း၊ ဆီအုန်းစိုက်ပျိုးမှု နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ဧက ၃၉၁၀၀၀ ကျော် ခွင့်ပြုပေးထားကြောင်း၊ အဆိုပါ စိုက်ဧကများအား အပြည့်အဝစိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန် ၄ ဒသမ ၅ သိန်းခန့်အထိ ထွက်ရှိနိုင် သည်ကို ပညာရှင်များ၏ တွက်ချက်မှုအရ သိရှိရ ကြောင်း၊ ဆီအုန်းမှဆီထွက်ရှိမှုသည် အခြားဆီထွက် သီးနှံများထက် များပြားသည်ကို တွေ့ရှိရသဖြင့် တနင်္သာရီတိုင်းဒေသကြီးအား မိမိတို့နိုင်ငံ၏ ဆီအိုး ကြီးအဖြစ် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက်စေလို ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ပါက ပြည်ပမှစားအုန်းဆီ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်နှင့်ပတ်သက်၍ နိုင်ငံခြားငွေရရှိရန် တရားဝင်လမ်းကြောင်းမှ ပြည်ပပို့ကုန်များ တင်ပို့နိုင် ရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ အဝတ် အထည်များ ထုတ်လုပ်ရေးအတွက် ပြည်ပမှတစ်နှစ် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးခန့် တင်သွင်းနေရကြောင်း၊ နိုင်ငံတွင်ဝါစက်ရုံများရှိပြီး စက်ရုံများအပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ဝါကုန်ကြမ်းများလုံလောက်စွာရရှိရေး ပြည်တွင်း၌ လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဝါစိုက်ပျိုးဧက လေးသိန်းကျော်ရှိပြီး အထွက်နှုန်း နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ဝါများအထွက်နှုန်း တိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ ပြည်ပမှ ဝါကုန်ကြမ်း များ တင်သွင်းမှုကို လျှော့ချနိုင်ခြင်းနှင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် အကျိုးများစွာ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများမှ ဘိလပ်မြေ များ တစ်နှစ်လျှင် တန်ချိန် တစ်သန်းခန့် တင်သွင်း နေရကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံများမှ တစ်နှစ်လျှင် တန်ချိန် ခုနစ်သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ စက်ရုံများ စွမ်းအားပြည့် အပြည့်အဝလည်ပတ်နိုင်မည်ဆိုပါက ပြည်တွင်း လိုအပ်ချက်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဖြစ်၍ ပြည်ပငွေသုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ စက်ရုံများ စက်စွမ်းရည်ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘိလပ်မြေများ၏ အရည်အသွေးပြည့်မီရေးအတွက် လည်း သက်ဆိုင်ရာအဖွဲ့အစည်းက သတ်မှတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရန်လိုအပ်
သံမဏိထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရန် လိုအပ် ကြောင်း၊ နိုင်ငံတွင် သံမဏိလိုအပ်ချက်များစွာရှိ၍ ပြည်ပမှတင်သွင်းရခြင်းကြောင့် နိုင်ငံခြားငွေဆုံးရှုံးမှု များဖြစ်ပေါ်ကြောင်း၊ အချို့စက်ရုံများမှာ တည်ဆောက် နေဆဲဖြစ်ပြီး ရပ်တန့်ထားရသဖြင့် နိုင်ငံအတွက် ဆုံးရှုံးခြင်းများဖြစ်ရကြောင်း၊ ပင်းပက်သံမဏိစက်ရုံ နှင့် မြင်းခြံသံမဏိစက်ရုံများကို ပြန်လည်လည်ပတ် နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်တန့် ထားသည့် စက်ရုံများအား စွမ်းအားပြည့် ပြန်လည် လည်ပတ်စေခြင်းနှင့် နည်းပညာကို Upgrade ပြုလုပ်၍ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်များ ထွက်ရှိအောင် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရမည် ဖြစ်ကြောင်း။
ချည်ထည်စက်ရုံ၊ သံမဏိစက်ရုံ၊ ဘိလပ်မြေ စက်ရုံတို့အပြင် ဆပ်ပြာ၊ သွားတိုက်ဆေးစသည့် လူသုံးကုန်ထုတ်လုပ်သည့် စက်မှုလက်မှုလုပ်ငန်းများ ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံသားများ မိဝေးဖဝေးဖြင့် ပြည်ပသို့ ထွက်ခွာ၍ အလုပ်အကိုင်ရှာဖွေရခြင်းမရှိအောင် ဆောင်ရွက် ပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ နိုင်ငံသားများကို စောင့်ရှောက်မှုပေးနိုင်ခြင်း၊ အရိပ်အာဝါသပေးနိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံပိုင် စက်ရုံများကို Public-Private Partnerships စနစ် ဖြင့်လည်း ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပုဂ္ဂလိကကဏ္ဍကိုလည်း မြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကအနေ ဖြင့် လုပ်နိုင်သည့် နယ်ပယ်များစွာရှိ၍ လုပ်နိုင်သည့် အခြေအနေများကို ဖန်တီးပေးရန်လိုကြောင်း၊ တစ်ဖက်မှလည်း တိုင်းရင်းသားများ၏ SME လုပ်ငန်း များကို အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို ဦးမော့ လာစေပြီး ကောင်းမွန်သော နိုင်ငံပုံရိပ်ကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း။
လျှပ်စစ်ကဏ္ဍ
လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို အားပေးလျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှဖန်တီးပေးသော အသုံးချနိုင်သည့် အထင်ကရမြစ်ကြီးများ ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးတွင်ရှိကြောင်း၊ သဘာဝ အလှအပေါ် ချစ်ခင်မြတ်နိုးသကဲ့သို့ နိုင်ငံနှင့်ဒေသနေ ပြည်သူတို့အတွက် မည်သို့အကျိုးရှိအောင် အသုံးချ နိုင်မည်ကိုလည်း စဉ်းစားရန်လိုကြောင်း၊ ဒေသ အလိုက် မြစ်ချောင်းများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး ကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး တစ်ဖက်မှ လည်း စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း များအတွက် အသုံးချနိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေး သယံဇာတများရှိ၍ စက်ရုံများ၏ စွမ်းအင်လိုအပ်ချက်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်ချိန်ဆ၍ နိုင်ငံတော် အတွက် အကျိုးရှိအောင် အသုံးချသွားရမည် ဖြစ်ကြောင်း။
အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကွာဟချက်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ကြိုးစားလျက်ရှိကြောင်း၊ အထူးသဖြင့် ကျေးရွာများ၏ လူနေမှုအဆင့်အတန်း များ မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ၏ အခြေခံသည် ကျေးလက်ဒေသများဖြစ်သည့်အတွက် ဖွံ့ဖြိုးမှု၏ အရင်းအမြစ်သည် ကျေးလက်ဒေသများသာဖြစ် ကြောင်း၊ သို့ဖြစ်၍ ကျေးလက်နေပြည်သူများ ဝင်ငွေ တိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် တရားဥပဒေ စိုးမိုးမှုရှိပြီး နိုင်ငံရေးနှင့် လုံခြုံရေးအရ တည်ငြိမ် အေးချမ်းမှု ရှိလာမည်ဖြစ်ကြောင်း။
အားကစားကဏ္ဍ
မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍ ကျဆင်းလာ သည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ အားကစားကို အားပေးဆောင်ရွက်ရန်လိုအပ်ပြီး အားကစားသည် အချိန်ယူလေ့ကျင့်ပျိုးထောင်ရခြင်း ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးအတွက် အထောက်အကူပြု သည့် အားကစားကဏ္ဍများကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အားကစားသည် နိုင်ငံ တည်ဆောက်ရေးတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပွဲကြည့်စင်ပါ မိုးလုံလေလုံအားကစားကွင်းများ တည်ဆောက်ပေး သွားရန် စီစဉ်လျက်ရှိကြောင်း။
တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်ရရှိရေးကို မှန်မှန်ကန်ကန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပြီး ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် အချိန်မီပြီးစီးရေးနှင့် မှန်မှန်ကန်ကန်ရရှိရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုမှာကြား သည့် အချက်များသည် နိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေခံအချက်များပင်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြု ချက်ရယူကြသည်။
အခွန်ငွေကောက်ခံရရှိမှုများ နည်းပါးလျက်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရ၏ ဝင်ငွေသည် အခွန်ငွေဖြစ်ပြီး စီးပွားရေးကျဆင်းမှု နှင့် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးထိခိုက်မှုများရှိသည့်အတွက် အခွန်ငွေကောက်ခံရရှိမှုများ နည်းပါးလျက်ရှိကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် မဖြစ်မနေသုံးစွဲ ရမည့် လုပ်ငန်းကိစ္စရပ်များမှအပ အခြားကိစ္စရပ်များ တွင် တတ်နိုင်သမျှချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် သောက်သုံးရေနှင့် လျှပ်စစ်မီးသုံးစွဲမှုများကို လေလွင့်မှု များမရှိအောင် စနစ်တကျသုံးစွဲကြရန် လိုအပ် ကြောင်း။
ပြီးခဲ့သည့်နှစ်က မိုးခေါင်မှုဖြစ်ပေါ်ခဲ့သည့် အတွက် နိုင်ငံအတွင်း သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ်တွင် သတ်မှတ်မိုးရေချိန် ပြည့်မီသည့်အတွက် သောက်သုံးရေအတွက် အခက် အခဲမရှိပါကြောင်း၊ သို့သော်လည်း ဆည်တမံများ ထိခိုက်ပျက်စီးမှုမရှိစေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း။
ကျဆင်းလာ
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အပတ်စဉ် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး ရောဂါကူးစက်ပြန့်ပွားမှုကျဆင်းစေရန် လမ်းညွှန်မှု များ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင် နှင့် ယခုလ ပထမအပတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲ များကို ကြိုးပမ်းကျော်လွှားနိုင်ခဲ့ကြောင်း၊ ယခုရက် ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည် ၃၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို တွေ့ရ ကြောင်း၊ ယင်းအခြေအနေကို ကျေနပ်နေ၍မရဘဲ ရောဂါကူးစက်ပြန့်ပွားမှုကို ထပ်မံကျဆင်းအောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်း များကို ပြည်သူများလိုက်နာရန် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ဖက်က လည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာမှု ရှိစေရန် ပညာပေးလုပ်ငန်းများဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ဝိုင်းဝန်းဆောင်ရွက်
သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများကို လည်း အဆင့်ဆင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ကူးစက် ပြန့်ပွားမှုကို ဆက်လက်ကျဆင်းသွားစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် လုံးဝပျောက်ကွယ်သွားမည့် ရောဂါမဟုတ်ကြောင်း ပညာရှင်များက သုံးသပ်ထား ကြောင်း၊ ထို့အတွက် ရောဂါကူးစက်ပြန့်ပွားမှုမရှိ စေရန် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွား လာကြရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ကုသဆေးတို့ကို ပြည်ပမှ ဝယ်ယူနေရသည့်အတွက် ရေရှည်တွင် အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးများ ထုတ်လုပ်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း၊ လတ်တလောတွင် မျိုးရိုးဗီဇမတူညီသည့် ဗီဇကွဲ ပိုးနှစ်မျိုးကို အခြားနိုင်ငံအချို့တွင် ထပ်မံ တွေ့ရှိနေသည်ကို ကြားသိရကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆ မနေထိုင်ဘဲ အထူးဂရုပြုနေထိုင်ကြရန် လိုအပ် ကြောင်း၊ ကာကွယ်ဆေး၊ ကုသဆေးနှင့် ဆက်စပ် ဆေးဝါးပစ္စည်းများကို အဆင်ပြေလွယ်ကူစွာ ပြည်သူ လူထုလက်ဝယ်ရောက်ရှိရေးအတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများက ကူညီပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။
အများပြည်သူ အခက်အခဲဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေး နှင့် ဆက်စပ်ဆေးဝါးပစ္စည်းများကို လက်ဝယ်ထားရှိ ကိုင်ဆောင်ပြီး ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက် နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်