
နေပြည်တော် ဩဂုတ် ၈
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG အဖွဲ့များသည် ပြည်သူလူထုအပေါ် စာနာထောက် ထားမှုမရှိဘဲ အကြမ်းဖက်မှု လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြသည့် အပြင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထံမှ လက်နက်၊ ခဲယမ်း၊ ဗုံးသီးများကို နည်းမျိုးစုံဖြင့် သယ်ယူ၍ အကြမ်းဖက်လုပ်ရပ်များကို ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်း ဖက်အဖွဲ့များအနေဖြင့် ယနေ့ ၈ လေးလုံး အထိမ်း အမှတ်အဖြစ် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဗုံးဖောက်ခွဲမှုများကို နိုင်ငံတစ်ဝန်း လုပ်ဆောင်မည် ဖြစ်ကြောင်း ကြိုတင်သတင်းများ ရရှိခဲ့သဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးတင်းကျပ် ဆောင်ရွက်စစ်ဆေးမှုများ ပြုလုပ်၍ ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးဆိုင်ရာ တင်းကျပ်၍ လိုအပ်သည့် စစ်ဆေး ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တံငါတောင် ကျေးရွာနေ အောင်ကိုမင်း(ဘ) ဦးသန်းညွန့် မောင်းနှင်၍ အာကာဖြိုး(ဘ)ဦးလှရွှေ လိုက်ပါလာသော ၉ဌ/----- ထော်လာဂျီအား မတ္တရာမြို့နယ် ပန်းယျကျေးရွာ သင်္ချိုင်းအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် မိုးကာဖြင့်ပတ်၍ သယ်ဆောင်လာသည့် K-22 သေနတ်အလက် ၆၀၊ ၎င်းကျည် ၁၁၀၀၀၊ ကျည်အိမ် ၁၁၀၊ အီနာဂါ ဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး အလုံး ၈၀၊ စစ်ချပ်ဝတ် အစုံ ၆၀၊ သေနတ်လွယ်ကြိုး ၂၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များနှင့် အခြားသတင်းဆက်စပ် ဖော်ထုတ်ချက်များအရ အထက်ပါ လက်နက်ခဲယမ်းများအား NLD ပါတီဝင် မင်းမင်း(မန္တလေးတိုင်းဒေသကြီး-၂ လွှတ်တော်ကိုယ်စားလှယ် ဟောင်း)၏ ချိတ်ဆက်စီမံမှုဖြင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထံမှတစ်ဆင့် ဧရာဝတီမြစ်ကို ဥဒိန်ကျေးရွာအနီးမှ ဖြတ်သန်း သယ်ဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့/ရွာ တစ်ခုအား အကြမ်းဖက်တိုက်ခိုက်ရန် စီမံခဲ့ခြင်းဖြစ်ကြောင်း၊ အထက်ပါ လက်နက် ခဲယမ်းများကို ဗျားကြီး၊ ဒေါင်းလန်း၊ သီဟ အပါအဝင် ခုနစ်ဦးခန့်က သရီးကရောင်းယာဉ်ဖြင့် လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ကနဦး အနေဖြင့် သိရှိရသည်။
ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် အသုံးပြုလာမည့် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများကို အချိန်မီ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက် နိုင်မှုများ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်လုပ်ရပ်များကို အချိန်မီကာကွယ်တားဆီးပေးနိုင်ခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပြင် အခြားသက်ဆိုင်သည့် ဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင် ပတ်သက်သူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်