
ရန်ကုန် သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများနှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကိုဗစ်စင်တာများ ဖွင့်လှစ်မှု အခြေအနေ၊ ကိုဗစ်စင်တာများ ဖွင့်လှစ်ရာတွင် အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ အောက်ဆီဂျင် လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုအခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမှန်ကန်စေရေးနှင့် အခြေခံစားသောက် ကုန်များ စျေးနှုန်းကြီးမြင့်မှုမရှိစေရန် ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း။
ဆက်လက်ဆောင်ရွက်ပေးနေ
ပထမအချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက်မှစပြီး
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပမှ ပြန်လည်ရောက် ရှိလာကြသည့် ပြည်သူများကို ဖောင်ကြီးစင်တာနှင့် ရိုးမစင်တာတို့ကိုဖွင့်၍ စတင်လက်ခံခဲ့ကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အကူအညီဖြင့် ဆေးတပ်ဖွဲ့မှ ဆရာဝန်ကြီးအပါအဝင် အင်အား ၄၀ ဖြင့် ဖောင်ကြီးစင်တာတွင် ကုသရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း။
ဇွန်လနောက်ဆုံးပတ်မှစပြီး ကိုဗစ်-၁၉ တတိယလှိုင်းကို ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် စတင်တွေ့ရှိလာကြောင်း၊ ဇူလိုင်လဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ ကြောင်း၊ မြင့်တက်လာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လှည်းကူးဖောင်ကြီးစင်တာ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ အင်းယားစင်တာ၊ MCC စင်တာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာ စင်တာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကုသရေး စင်တာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ် ကုသရေးစင်တာ၊ လှိုင်ကုသရေး စင်တာ၊ ရန်ကင်းပညာရေးကောလိပ်၊ ဆရာတော် သံဃာတော်များအတွက် အင်းစိန် မင်းဓမ္မ သီရိမဂ္ဂ သာသနာ့ဗိမာန်၊ မရမ်းကုန်း ကမ္ဘာအေးသံဃာ့ ဆေးရုံများတွင် ဆရာတော်သံဃာတော်များအတွက် ခုတင် ၃၀၀ ၊ ပြည်သူများအတွက် ခုတင် ၇၅၇၀ ကို ကုသရေးစင်တာများတွင် ပြင်ဆင်ကုသဆောင်ရွက် ပေးလျက်ရှိကြောင်း။
တတိယလှိုင်းတွင် အဓိကလိုအပ်ချက်မှာ အောက်ဆီဂျင်ဖြစ်သည့်အတွက် ကုသရေးစင်တာ များတွင် အောက်ဆီဂျင်ရှူနိုင်ရန် လိုင်းများဆွဲပြီး ဆောင်ရွက်ပေးကြောင်း၊ အောက်ဆီဂျင်အိုးများနှင့် Flow Meter ဖြင့် ရှူနိုင်ရန်လည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အောက်ဆီဂျင် Concentrator များကိုလည်း ပြည်ပမှ မှာယူတင်သွင်းပြီး အလှူရှင် များ ပူးပေါင်းပါဝင်ကာ အောက်ဆီဂျင်ရရှိရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်
သံဃာတော်များ၊ ဆေးကုသနေသည့် လူနာများ၊ ပရဟိတအဖွဲ့များ၊ ဆရာဝန်များ၊ ဆရာမများ၊ သူနာပြု များအားလုံးကိုလည်း နေ့စဉ်ကျွေးမွေးရေး ကိစ္စများကို အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေး နေကြောင်း။
စိန်ခေါ်မှုအကြီးဆုံး
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၏ အဓိက လိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်နှင့် လူသား အရင်းအမြစ် (Human Resources)တို့သည် စိန်ခေါ်မှုကြီးမားသည့် ကိစ္စများဖြစ်ကြောင်း၊ အောက်ဆီဂျင်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူပြီး ဖြည့်ဆည်းပေးသကဲ့သို့ အချို့အလှူရှင်များက ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ဂျပန်ဆေးရုံကြီး၊ မြောက်ဥက္ကလာ မေဓာဝီနှင့် ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာရှိ မိခင်နှင့်ကလေးဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ ယင်းဆေးရုံကြီးများအတွက် အောက်ဆီဂျင် လိုအပ်ချက် ၂၅ တန်ခန့် ဖြည့်ဆည်းဆောင်ရွက်ပေး နေရကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်အဆင့် ဆေးရုံကြီးများ၊ မြို့နယ် အဆင့် ဆေးရုံ ကြီးများ၏ အောက်ဆီဂျင်လိုအပ် ချက်မှာလည်း များစွာရှိနေကြောင်း၊ ယခင်ကန့်သတ် စောင့်ကြည့်ရေးစင်တာများကိုလည်း ယနေ့တွင် အောက်ဆီဂျင် ရှူနိုင်သည့် ကုသရေး စင်တာအဖြစ် ပြောင်းလဲဆောင်ရွက်ပေးလျက်ရှိကြောင်း။
စီမံဆောင်ရွက်ပေးနေ
ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပြည်သူ လူထု၏ လိုအပ်ချက်ဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်း များ၊ ဆေးရုံသုံးပစ္စည်းများ၊ အောက်ဆီဂျင်နှင့် ပတ်သက်သည့်ပစ္စည်းများကို တင်သွင်းသည့် နေရာတွင် မူလက ၁၅ ရာခိုင်နှုန်း အခွန် ကောက်ရာမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး မြန်မြန်ဆန်ဆန် နိုင်ငံအတွင်း ရောက်ရှိနိုင်ရန် စီမံဆောင်ရွက်ပေးနေကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခမဲ့ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် အကောက်ခွန်နှင့် ပတ်သက်ပြီး ပစ္စည်းရောက်သည်နှင့် ချက်ချင်း ထုတ်ယူနိုင်ရန် စီမံဆောင်ရွက်ပေးနေကြောင်း။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန(FDA)နှင့်ပတ်သက်ပြီး နိုင်ငံတကာ ဓာတ်ခွဲခန်း များက အသိအမှတ်ပြုထားသည့် ဆေးနှင့်ဆေးပစ္စည်း၊ ဆေးဝါးကုန်ကြမ်း အစရှိသည့် ဆေးရုံသုံးပစ္စည်း၊ ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများကို (FDA) ကင်းလွတ် တင်သွင်းခွင့်ပေးထားကြောင်း၊ ယင်းသို့ တင်သွင်းခွင့်နှင့် ဥပဒေအရ ဖြေလျှော့မှုများသည် အမှန်တကယ် ပြည်သူများ ဆေးဝါးပစ္စည်းများ
ပြတ်လပ်မှုမရှိရန်၊ စျေးနှုန်းကြီးမြင့်မှုများ မဖြစ် ပေါ်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဆေးတင်သွင်းသူ၊ ဆေးဝါးကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းတို့ ပါဝင်ပူးပေါင်းပြီး အခြေခံ ပြည်သူလူထု အသုံးများသည့် ဆေးဝါးပစ္စည်းများ စျေးနှုန်းကြီးမြင့်မှုမရှိစေရန် ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။
အခြေခံ စားသောက်ကုန်စျေးနှုန်းများနှင့်
ပတ်သက်၍ ပြီးခဲ့သည့်ကာလတွင် ကြက်ဥစျေးနှုန်း မြင့်တက်သွားသည်ကို တွေ့ရကြောင်း၊ ယင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမွေး မြူရေးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကြက်ဥများကို ရပ်ကွက်များ၊ စျေးများ တွင်သက်သာသည့်စျေးနှုန်း ဖြင့် ချက်ချင်းရောင်းချ ဖြေရှင်းနိုင်သည့်အတွက် ကြက်ဥစျေး ပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း။
ယခုအချိန်တွင် ကုသရေးပိုင်းတွင် အားနည်း နေသည့် လူသားအရင်းအမြစ်များ ဖြည့်ဆည်းဆောင် ရွက်နိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စည်းရုံး ဆောင်ရွက်နေသကဲ့သို့ အခြား ပံ့ပိုးကူညီမှုများပေးပြီး ပြည်သူလူထု ကုသမှုအပြည့်အဝ ရရှိရေးအတွက်
စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တပ်မတော်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က နေ့စဉ် စဉ်ဆက် မပြတ် တွေ့ဆုံညှိနှိုင်းပေါင်းစပ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၂၃ ရက်အထိ ရန်ကုန်မြို့အပါအဝင် နယ်အသီးသီးတွင် ပြည်သူများ သေဆုံးမှုနှုန်း မြင့်တက်ခဲ့ကြောင်း၊ ဇူလိုင် ၂၄ ရက်မှစပြီး ပြန်လည်ကျဆင်းလာသည့်အတွက် ကိုဗစ်-၁၉ တတိယလှိုင်းကို အပြည့်အဝမဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်နိုင် ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် တက်ရောက်လာကြသည့် စာနယ် ဇင်းများ၏ မေးမြန်းချက်များနှင့် စပ်လျဉ်း၍ စီးပွားရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်း ပြောကြား ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ဖိတ်ကြား ထားသည့် စာနယ်ဇင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်း - မာမာကြီး
ဓာတ်ပုံ - ကိုကိုဇော်