ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ မင်္ဂလာဒုံနှင့်မှော်ဘီမြို့နယ်များရှိ တပ်မတော်နှင့် ပုဂ္ဂလိကမွေးမြူရေးခြံများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   သြဂုတ်    ၅


ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်     အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်   ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ကြီးကြပ်ကွပ်ကဲမှု   အောက်ရှိ မင်္ဂလာဒုံနှင့်   မှော်ဘီမြို့နယ်များရှိ  မွေးမြူရေးစခန်းများနှင့်  ပုဂ္ဂလိကမွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် မင်္ဂလာဒုံမြို့နယ်ရှိ တိုင်းစစ်ဌာနချုပ်     အမှတ်(၄) စိုက်ပျိုး၊     မွေးမြူရေးစခန်း၌ နို့စားနွား  ၁၁၃  ကောင်  မွေးမြူ ထားရှိရာ    နေ့စဉ်   နွားနို့   ၁၃၅ ပိဿာထွက်ရှိမှု၊   အသားတိုးနွား ၂၂  ကောင်  မွေးမြူထားရှိမှုကို လည်းကောင်း၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ လေးထောင့်ကန်ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် အားမာန်နို့စားနွားခြံ ၌ နို့စားနွား  အကောင် ၃ဝဝ မွေးမြူ ထားရှိပြီး  နေ့စဉ်  နွားနို့ပိဿာ  ၂၀၀၀ ခန့်ထွက်ရှိမှု၊ နို့စားနွားများ မှ   နို့ထုတ်ယူနေမှုများ၊   နို့များကို ဒိန်ချဉ်   ထုတ်လုပ်နေမှုများကို လည်းကောင်း   ကြည့်ရှုစစ်ဆေး သည်။

 


အဆိုပါစခန်းများမှ ထွက်ရှိ လာသောနွားနို့များကို တိုင်းရွှေဂုံအရောင်းဆိုင်များတွင်   စျေးနှုန်း သက်သာစွာဖြင့် ရောင်းပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက်    တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည်    မှော်ဘီမြို့နယ်   အောက်ဝါးနက် ချောင်းကျေးရွာရှိ    ပုဂ္ဂလိကပိုင် ကြက်မွေးမြူရေးခြံ၌     ကြက်ခြံနှစ်ခြံတွင်   ဥစားကြက် အကောင်ရေ   ၁၀၀၀၀  မွေးမြူ ထားရှိမှုကို လည်းကောင်း၊  ဝါးနက် ချောင်းကျေးရွာရှိ     တိုင်းစစ်ဌာန ချုပ် ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးစခန်း(ဝါးနက်ချောင်း)၌  အသား တိုး ကြက်  ၁၂၀၀ ၊   ဆိတ်ခြံနှစ်ခြံ  တွင် ၉၅ ကောင် မွေးမြူထားရှိမှု နှင့်   တစ်သျှူးငှက်ပျော  အပင်  ၁၀၀၀         စိုက်ပျိုးထားရှိမှုကို လည်းကောင်း၊ အမှတ်(၄) လမ်းမ ကြီးအနီး၊     ဖန်ခါးကုန်းကျေးရွာရှိ ပုဂ္ဂလိကပိုင်  ရွက်သစ်မွေးမြူရေး ခြံ၌ ကြက်ခြံ ၁၂  ခြံတွင်  ဥစား ကြက်အကောင်ရေ   ၃၀၀၀၀  ကျော် မွေးမြူထားရှိပြီး တစ်နေ့ လျှင် ကြက်ဥ အလုံး ၂၀၀၀၀ ခန့်  ထွက်ရှိမှုနှင့်    ဝက်ခြံများတွင် အသားတိုးဝက်       အကောင်ရေ ၉၅၀ ကျော် မွေးမြူထားရှိမှုတို့ကို လည်းကောင်း    သွားရောက် ကြည့်ရှု၍   တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ        ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး      လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 


ဆန်းကျော်ဦး(ပြန်/ဆက်)