
နေပြည်တော် ဩဂုတ် ၅
အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Honourable Marc Garneau တို့က သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့ တက်ရောက်ကြသည်။
ကိုဗစ်-၁၉ အာဆီယံ တုံ့ပြန်ရေးရန်ပုံငွေသို့ပံ့ပိုးလှူဒါန်း
အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက် ရှိကြောင်းနှင့် အာဆီယံအနေဖြင့် ကနေဒါနိုင်ငံနှင့် ဆွေးနွေးဖက်ဆက်ဆံ ရေး မြှင့်တင်နိုင်စေရန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသီးသီးတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး မျှော်မှန်းထားကြောင်း၊ အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံတို့သည် ကိုဗစ်-၁၉ ရိုက်ခတ်မှုကို ရင်ဆိုင်နေကြရပြီး ကနေဒါနိုင်ငံမှ အာဆီယံ၏ ကိုဗစ်-၁၉ တုံ့ပြန်ရေး ကနဦးလုပ်ငန်း စဉ်များသို့ ထောက်ပံ့ပေးခြင်းနှင့် အထူးသဖြင့် ကိုဗစ်-၁၉ အာဆီယံ တုံ့ပြန်ရေး ရန်ပုံငွေသို့ ပံ့ပိုးလှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိ ကြောင်း၊ ကနေဒါအနေဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ခု တွင်သာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာကဲ့ သို့ အာဆီယံ၊ ကနေဒါနိုင်ငံနှင့် အထူးသဖြင့် CLMV နိုင်ငံများအတွက် အရေးပါသည့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မျှော်မှန်းကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ASEAN Common Statement ကို ဖတ်ကြားခဲ့သည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အသီးသီးဆွေးနွေးပြောကြားခဲ့ ကြသည်။
ကာလရှည်ကြာသည့် ဆက်ဆံရေးကောင်းများရှိ
ထို့နောက် ကနေဒါနှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ၂၀၂၁-၂၀၂၄ ကာလအတွက် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံ ရေး ညှိနှိုင်းရေးနိုင်ငံအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့က နိဂုံးချုပ်အမှာစကားပြောကြားသည်။ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများသည် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို မြှင့်တင်ရန် နည်းလမ်း များကို ပြသပေးနိုင်ကြောင်း၊ အာဆီယံအနေဖြင့် ဒေသတွင်း အေးချမ်း သာယာဝပြောရေး၊ အပြန်အလှန်အကျိုးစီးပွားနှင့် ပူးပေါင်း ဆောင်ရွက် ရန် အလားအလာရှိသည့်ကဏ္ဍများတွင် ကနေဒါနှင့် နီးကပ်စွာ လက်တွဲ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံ တို့သည် ကာလရှည်ကြာသည့် ဆက်ဆံရေးကောင်းများရှိခဲ့ပြီး မြန်မာ နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် ကနေဒါနိုင်ငံမှ ပူးပေါင်းဆောင် ရွက်မည်ဟု မျှော်လင့်ကြောင်းပြောကြားပြီး အာဆီယံတူညီဆန္ဒ(၅) ချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ရန် အဆိုပြုချက်ကို ကြိုဆိုခဲ့ကြောင်းနှင့် အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂)နှင့် ပူးပေါင်းဆောင် ရွက်ရန်နှင့် ၎င်း၏ စွမ်းဆောင်ရည်ကို ယုံကြည်မျှော်လင့်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ပူးတွဲသဘာပတိများအဖြစ်ဦးဆောင်ကျင်းပ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆက်လက်ကျင်းပသည့် အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး H.E. PRAK Sokhonn နှင့် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး H.E. Nanaia Mahuta တို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင် ကျင်းပသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် နယူးဇီလန် နိုင်ငံ၏ အစဉ်တစိုက် ကူညီထောက်ပံ့မှုများ၊ အထူးသဖြင့် အာဆီယံ ပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်မှတစ်ဆင့် ပံ့ပိုးမှုများ အပေါ် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ တို့ကို ကပ်ရောဂါအလွန်ကာလတွင် တိုးမြှင့်နိုင်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါ တုံ့ပြန်ရေးတွင် နယူးဇီလန်နိုင်ငံ၏ ထည့်ဝင်အကျိုးပြုမှုများကို အသိအမှတ်ပြုကြောင်းနှင့် ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင် နိုင်ရေး တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆွေးနွေးပြော ကြားသည်။
အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ်လက်ခံ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၃ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည့် ဗြိတိန်နိုင်ငံကို အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံအဖြစ် လက်ခံကြောင်း ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက် ခဲ့သည်။
လေ့လာသူများအဖြစ်တက်ရောက်
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် မွန်းလွဲပိုင်းတွင် ကျင်းပသော “မဲခေါင်မြစ် မိတ်ဆွေ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်” ၏ ပထမအကြိမ် အစည်း အဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးကို အမေရိကန်နိုင်ငံ က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပ သမဂ္ဂ၊ မဲခေါင်မြစ်ကော်မရှင်အတွင်းရေးမှူးရုံးနှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက် ရောက်ကြပြီး အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့က လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။
ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်
အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက မဲခေါင်မြစ် မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်နိုင်ရေးဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် မဲခေါင်-အမေရိကန် အစည်းအဝေးများ၌ အပြန်အလှန် လေးစားရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေးစသည့် စည်းမျဉ်းစည်းကမ်းများ လေးစား ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကူးစက်မှုများနေသည့် နိုင်ငံများရရှိရေး၊ ကိုဗစ်-၁၉အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများအား ဖြေရှင်းရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်