
နေပြည်တော် ဩဂုတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်း များနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ အပေါ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် Online ဖြင့်ကျင်းပသည်။
အတည်ပြုချမှတ်ခဲ့
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို ၂၀၁၃ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့ပါကြောင်း။
အဆိုပါ စီမံကိန်းအား CEDAW ၊ ဘေဂျင်း ကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်း စီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ (၁၂) ရပ် ချမှတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ CEDAW ကွန်ဗင်းရှင်းအပိုဒ် ၂ အရ အမျိုးသမီးများအား ခွဲခြားမှုဖြစ်စေမည့် တည်ဆဲ ဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ ဓလေ့ထုံးစံများနှင့် အမူအကျင့်များကို ပြောင်းလဲရေးအတွက် ဥပဒေပြု ရေးအပါအဝင် သင့်လျော်သည့် နည်းလမ်းများနှင့် ဆောင်ရွက်သွားရန် တာဝန်ရှိသည်နှင့်အညီ အမျိုးသမီးများကို အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေးအတွက် ဥပဒေများ အတိအကျ ပြဋ္ဌာန်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူ ညီမျှရေးနှင့် စွမ်းပကား တိုးမြှင့်ရန်အတွက် အကြမ်း ဖက်မှုများကိုလည်း လျှော့ချရန် လိုအပ်သလို အကြမ်းဖက်ခံရသည့် အမျိုးသမီးများအပေါ် ဥပဒေကြောင်းအရ ကာကွယ်စောင့်ရှောက်ပေးရန် လည်း မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးအောင်ထွန်းခိုင်က ဆွေးနွေးပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများမှပေးပို့လာသည့် သဘောထားမှတ်ချက် များအပေါ် ဆွေးနွေးမှုများ တင်ပြခြင်းနှင့် သက်ဆိုင်ရာ တာဝန်ခံမှ ပုဒ်မတစ်ခု ချင်းစီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်