ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ အများပြည်သူ ရုံးပိတ်ရက်များတွင် တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဩဂုတ်   ၂

 


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက်   ကုသရေးဆိုင်ရာ  ဆေးဝါးနှင့်   ဆက်စပ် ပစ္စည်းများ ပြည်ပမှ တင်သွင်းခွင့်အတွက် သွင်းကုန်လိုင်စင်   လျှောက်ထားခြင်းမှ   ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ် ဒေသများမှ တင်သွင်းရာတွင် လွယ်ကူ အဆင်ပြေစေရေးအတွက်     နယ်စပ် ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေ ချောမွေ့စွာ  တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်    အသိပေးကြေညာချက်များ၊ တာဝန်ရှိသူ များ ညှိနှိုင်းထားသည့် SOP များနှင့်အညီ    လွယ်ကူမြန်ဆန်နိုင်ရေးအတွက်  ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  အိမ်သုံးအောက်ဆီဂျင်စက် ၄၀၆၀၊ Test Kit ၅၇၀၀၀ တို့အပါအဝင် မူဆယ်၊ မြဝတီ၊  ချင်းရွှေဟော်၊   တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည်(Bowser)ယာဉ် တစ်စီးဖြင့်    ၁၈ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) လေးတန်၊ အိမ်သုံးအောက်ဆီဂျင် စက် ၄၂၅၉ ခု၊ နှာခေါင်းစည်း(Mask) ၁၂၁ တန်   တင်သွင်းနိုင်ခဲ့သည်။  အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ ၁၉ ခုမှ ယာဉ်စီးရေ ၄၁ စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


သြဂုတ်လအတွင်း   ယာဉ်စီးရေ  ၇၇ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် ၁၁၃ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၁၁ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်)   ငါးတန်၊   အိမ်သုံး အောက်ဆီဂျင် စက် ၁၀၅၆၅ ခု၊  Test  Kit  ၇၂၀၀၀၊ နှာခေါင်းစည်း(Mask) ၁၆၂ တန်၊ PPE  ၉၁၄၅၄  စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


ဇူလိုင်လအတွင်း ယာဉ်စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့်   ၇၂၇ တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) ၅၆၇  တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့(အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator  ၁၁ ခု၊ ဆေးရုံသုံး     အောက်ဆီဂျင်ဖြည့်စက် လေးခု၊ Test Kit  ၃၂၂၈၇၈ ခု၊ နှာခေါင်း စည်း(Mask) ၁၁၀၄ တန်၊ PPE ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ   ကာကွယ်ကုသရေးပစ္စည်းများ   တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေး အတွက်     သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူ အညီလိုအပ်ပါကလည်း   သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ  တာဝန်ရှိသူ များထံ  တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက်      စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။ 

 


သတင်းစဉ်