
နေပြည်တော် ဩဂုတ် ၂
(၂၁)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေးအရာရှိများအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီ အဆင့်မြင့် စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က သဘာပတိ အဖြစ် ဦးဆောင်ကျင်းပသည်။ အဆိုပါအစည်းအဝေး သို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိ များက စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၁-၂၀၂၂)တို့၏ အကောင် အထည်ဖော်မှု၊ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းအစီအစဉ်ရေးဆွဲရေး ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြသည်။
အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ် အမ်ဗွီနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက် မှုများ ပိုမိုခိုင်မာစေရေး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ကုန်စည်ပြပွဲများ၊ သင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို Virtual နည်းဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ ကျင်းပသွားရေး နှင့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်အား အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲ မည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေး၌ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း အကောင်အထည်ဖော်ခဲ့သည့် အာဆီယံ ပေါင်းစည်းဆောင်ရွက်မှု ကနဦးလုပ်ငန်းအစီအစဉ်-၃ ပြီးစီးမှုနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်-၄ စတင်အကောင် အထည်ဖော်မှုတို့ကိုလည်းကောင်း၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၌ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ တိုးတက်စေရေးအတွက် ဂျာမနီ နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် GIZ က ဆောင်ရွက် လျက်ရှိသော “အာဆီယံ စီးပွားရေးပေါင်းစည်းမှု ကနဦးအစီအစဉ်၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး မူဘောင်” စီမံချက်၏ ဆောင်ရွက်မှုတို့ကိုလည်းကောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံက သဘာပတိအဖြစ်တာဝန်ယူကျင်းပမည့် စီအယ်လ် အမ်ဗွီစီးပွားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို လည်းကောင်း ညှိနှိုင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ၏ (၃/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင် တက်ရောက်သည်။ အစည်းအဝေးတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် Dr. May Fa'ezah Ahmad Ariffin က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ စီးပွားရေးမဏ္ဍိုင်ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Mr. Satvinder Singh နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ၏ ဖြစ်ပေါ်တိုးတက်မှု၊ အေအီးစီ ၂၀၂၅ အကောင်အထည် ဖော်မှုအရ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေးဆောင်ရွက် မည့်လုပ်ငန်းများ၏ အကောင်အထည်ဖော်မှု၊ အေအီးစီ ၂၀၂၅ ကာလလယ် သုံးသပ်ချက်အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ အဆင့်မြင့် စီးပွားရေးအရာရှိများ၏ လမ်းညွှန်မှုအောက်ရှိ ဘာသာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းများ အကောင်အထည်ဖော်မှုတင်ပြချက်များ၊ တီမော လတ်စ်တေနိုင်ငံက အာဆီယံသို့ ဝင်ရောက်ရန် လျှောက်ထားမှုအတွက် အာဆီယံစီးပွားရေးအသိုက် အဝန်းအနေဖြင့် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ နှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အတွက် ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၅ ရက်၊ ဩဂုတ် ၁၁ ရက်နှင့် ဩဂုတ် ၁၆ ရက်တို့တွင် ကျင်းပမည့် အာဆီယံ-ကနေဒါ၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဟောင်ကောင်၊ အာဆီယံ-တရုတ်၊ အာဆီယံ-အမေရိကန်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ရုရှား၊ အာဆီယံ-ဗြိတိန်၊ အာဆီယံ-ဆွစ်ဇာလန်၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-ဂျပန်၊ အာဆီယံ အပေါင်းသုံး(တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ အာဆီယံ-အီးယူ၊ အရှေ့အာရှ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးများသို့လည်း ဆက်လက်တက်ရောက် မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးများတွင် အာဆီယံနှင့် ဆောင်ရွက်နေသည့် လွတ်လပ်သော ကုန်သွယ်မှု ဒေသ အကောင်အထည်ဖော်မှုများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါ အလွန် ဒေသတွင်း စီးပွားရေးပြန်လည်ထူထောင်မည့် အစီအစဉ်များကို အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံ များအကြား ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်