
နေပြည်တော် ဩဂုတ် ၁
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ် လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂ ရက်မှ ၈ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန် သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်၊ သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၁ ရက်နေ့စွဲဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရ သည်။
ထိုသို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အိမ်သုံးအောက်ဆီဂျင်စက် ၅၈၂၂ ခု၊ Test Kit ၁၅၀၀၀ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် အရည် (Bowser) ယာဉ်ငါးစီးဖြင့် ၉၅ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ခုနစ်တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၆၃၀၆ ခု၊ နှာခေါင်းစည်း တန် ၄၀ တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၃ ခုမှ ယာဉ်အစီးရေ ၃၆ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၁ ရက်အထိ ယာဉ်အစီးရေ ၇၈၅ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် ၈၂၂ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၇၅တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၇၅၄၅၂ ခု၊ Test Kit ၃၃၇၈၇၈ ခု၊ နှာခေါင်း စည်း ၁၁၄၅ တန် ၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီဂျင် ဖြည့်စက် လေးခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ ရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါ ကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေးကြေညာချက်များကို လည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်