
နေပြည်တော် ဩဂုတ် ၁
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေး တကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ကြေညာထား သည့် ဩဂုတ် ၂ ရက်မှ ၈ ရက် အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ အနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန် အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်း များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသ ရေးပစ္စည်းများ တင်သွင်းမှုများကို လည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးမည်ဖြစ်ပြီး အဆိုပါ ရက်များ တွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက် ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၁ ရက် နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုသို့ ပို့ကုန်သွင်းကုန်လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၅၈၂၂ ခု၊ Test Kit ၁၅၀၀၀ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင် အရည် (Bowser) ယာဉ်ငါးစီးဖြင့် ၉၅ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ခုနစ်တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၃၀၆ ခု၊ နှာခေါင်းစည်း (Mask) တန် ၄၀ တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၂၃ ခုမှ ယာဉ်စီးရေ ၃၆ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၁ ရက် အထိ ယာဉ်စီးရေ ၇၈၅ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် ၈၂၂ တန်၊ အောက်ဆီ ဂျင်အရည်(အိုးဖြင့်) ၅၇၅ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၇၅၄၅၂ ခု၊ Test Kit ၃၃၇၈၇၈ ခု၊ နှာခေါင်းစည်း(Mask) ၁၁၄၅ တန်၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင် ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များ နှင့် အသိပေးကြေညာချက်များ ကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်