
“Stay at Home ကာလမှာ အဓိက အိပ်ရေးဝအောင် အိပ်မယ်၊ အစားအသောက် အားရှိအောင် စားမယ်၊
ရောဂါအခံရှိသူတွေအနေနဲ့ မိမိသောက်နေကျဆေးတွေကို မပြတ်အောင်သောက်ဖို့၊ ပြနေကျ ဆရာဝန်တွေကို
ဆက်သွယ်တိုင်ပင်ပြသဖို့ ဆောင်ရွက်ဖို့လိုပါတယ်”
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၃၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွား နေတာ နဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ သုံးသပ်ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး ။ ။ လက်ရှိ အနေအထား က ကိုဗစ် - ၁၉ ရောဂါရဲ့ တတိယလှိုင်းကို ခံစားနေရပါတယ်။ ၂၀၂၁ ခုနှစ် မေလကုန် ဇွန်လဆန်းမှာ တစ်ဖက်နိုင်ငံ နဲ့ ဆက်စပ်လျက်ရှိတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့မှာ အစုလိုက်တွေ့ရှိမှုကနေစတင်ပြီး တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပါတယ်။
ဒီလို များပြားလာမှုကနေ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေကို ရောက်ရှိတဲ့အခါမှာ ကျွန်တော်တို့ မြင်တွေ့ရတာတွေ ဖြစ်လာခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟို ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ကျန်းမာရေးဝန်ကြီးဌာန က ဆောင်ရွက်ဖွယ်ရှိတာတွေကို အမြန်ဆုံး ဆောင်ရွက်နေတာကို အားလုံးအမြင်ပဲ ဖြစ်ပါတယ်။
လက်ရှိရောက်နေတဲ့အခြေအနေကို ပြန်ကြည့် ရင် ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလအတွင်း စစ်ဆေး နိုင်တဲ့ ပမာဏက ၁၅၀၀၀၊ ၁၆၀၀၀ နဲ့ ၁၇၀၀၀ ဝန်းကျင်ကို နေ့စဉ်စစ်ဆေးနိုင်တယ်။ စစ်ဆေးနိုင် တဲ့အထဲမှာ ပိုးတွေ့ရှိမှုနှုန်းအနေနဲ့ ဇူလိုင်လ ၂၀ ရက်ကနေစပြီး ၃၆ ဒသမ ၈၃ ရာခိုင်နှုန်းကနေ ၂၉ ရက်အထိ ၃၄ ဒသမ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ ဖြစ်ပွားတဲ့လူဦးရေကလည်း ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင်တန်းလာပါတယ်။ ပိုးတွေ့ရှိမှုနှုန်းကလည်း နည်းနည်းလေး တန်းလာပါတယ်။ ဒါတွေက ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။
တစ်ဖက်ကကြည့်ရင် ကူးစက်ရောဂါရဲ့ သဘောအရ ကူးစက်ရောဂါကိုဖော်ပြတဲ့ဂရပ်မျဉ်း (Epidemic Curve) မှာ ထောင်တက်သွားတဲ့အပိုင်း (Ascending Limb) အရင် ရှိတယ်။ ပြီးရင် နည်းနည်းလေး ပြန်တန်းလာတယ်။ ဒါကို (Pleatu Phase) ရောက်တယ်လို့ခေါ်ပါတယ်။ နောက် ပြန်ကျလာတဲ့အပိုင်း (Descending Limb) ရှိလာ တယ်။ အခုလက်ရှိမှာ ကျွန်တော်တို့က တက်လာတဲ့ အခါတုန်းကလည်း အရှိန်အဟုန်နဲ့ကို သိသိ သာသာတက်ခဲ့ပါတယ်။ ဒုတိယလှိုင်းနဲ့ယှဉ်ကြည့် ရင် အခုတတိယလှိုင်းမှာ တက်တဲ့နှုန်းက အလွန်သိသာပါတယ်။ ဒါပေမယ့် လက်ရှိအနေနဲ့ ရောဂါအခြေအနေက စပြီးတန်းလာတာကို တွေ့ရ တာက တစ်ပတ်လောက်ရှိပါပြီ။ နိုင်ငံတော်အပိုင်း ကလည်း ရုံးပိတ်ရက်တွေ သတ်မှတ်ပေးထားပါ တယ်၊ မိဘပြည်သူတွေလည်း ကိုယ့်အိမ်ထဲမှာသာ နေတဲ့ Stay at Home နေထိုင်ပေးတာတွေလည်း ပါတယ်။ အဲဒီအခါ လူလူချင်း ထိတွေ့ဆက်ဆံမှုတွေ နည်းပါးလာတာနဲ့အမျှ ရောဂါကူးစက်မှုကျတယ် ဆိုတဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး နိယာမ လည်းရှိတဲ့အခါ ကောင်းကျိုးစတင်ခံစားရလာတဲ့သဘောပါ။
ကျွန်တော်တို့က ဒီပေါ်မှာမူတည်ပြီးပြောရရင် ရောဂါအနေအထားက စပြီးတန်းလာတဲ့ အနေ အထားရှိတယ်ဆိုတာက ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ လျှော့လို့မရသေးပါဘူး။ ဒါကို စောင့်ကြည့်ပြီး ဆက်လက်သတိကြီးကြီး ထားပြီး ကာကွယ်ရေးနည်းလမ်းတွေ၊ မိမိ အိမ်မှာ နေထိုင်ခြင်းတွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရဦးမှာ ဖြစ်ပါတယ်။
တစ်ဖက်က သွားလာမှုလျော့လာတဲ့ အခြေ အနေကို တင်ပြရရင် Google ကနေထုတ်တဲ့ ကိုဗစ် - ၁၉ ရောဂါ နဲ့ပတ်သက်ပြီး လူအများ သွားလာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး Google ကနေ စစ်တမ်းကောက်ထားတာ ရှိပါတယ်။ ဒီမှာ မြန်မာနိုင်ငံတစ်ခုလုံးအနေနဲ့ ဈေးဝယ်ထွက်တဲ့ အပိုင်းမှာ ၆၈ ရာခိုင်နှုန်း လျော့ကျသွားတယ်။ စူပါမားကတ်နဲ့ ဆေးဆိုင်တွေကို သွားတဲ့အပိုင်းမှာ ၄၅ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အများပြည်သူ အနားယူတဲ့နေရာတွေကို သွားတဲ့အပိုင်းမှာ ၄၉ ရာခိုင်နှုန်း လျော့ကျ သွားတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အသုံးပြုတဲ့နှုန်းက ၆၄ ရာခိုင်နှုန်း လျော့ကျသွားတယ်။ လုပ်ငန်း ခွင် ဝင်ရောက်မှုအနေနဲ့ တစ်နိုင်ငံလုံးမှာ ၇၁ ရာခိုင်နှုန်း လျော့ကျသွားတယ်။ မိမိအိမ် ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ရာခိုင်နှုန်းက ၃၁ ရာခိုင်နှုန်း တက်လာပါတယ်။ ဒါက ကောင်းတဲ့ အချက်ပါ။
ရန်ကုန်အနေနဲ့ အပန်းဖြေနေရာတွေ၊ ဈေးဝယ် သွားတာတွေက ၇၀ ရာခိုင်နှုန်းလျော့ကျသွား တယ်။ စူပါမားကတ်နဲ့ ဆေးဆိုင်တွေကို သွားရောက် မှုအနေနဲ့ ၄၃ ရာခိုင်နှုန်းလျော့ကျသွားတယ်။ အများပြည်သူအပန်းဖြေနေရာတွေကို သွားရောက် မှုအနေနဲ့ ၆၈ ရာခိုင်နှုန်းလျော့ကျသွားတယ်။ အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းတွေ အသုံးပြု မှုအနေနဲ့ ၆၃ ရာခိုင်နှုန်းလျော့ကျသွားတယ်။ လုပ်ငန်းခွင်ဝင်ရောက်မှုအနေနဲ့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတယ်။ အိမ်မှာနေထိုင်မှုအနေနဲ့ ၃၆ ရာခိုင်နှုန်းတက်လာပါတယ်။
ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းဖြင့် မိဘ ပြည်သူတွေက Stay at Home ကို လိုက်နာပေးကြတဲ့ သဘောရှိပါတယ်။ အဓိက ကူးစက်ရောဂါကို အခြေခံထိန်းချုပ်ခြင်းဖြစ်တဲ့ Stay at Home ကို ဒီလိုမျိုးနေနိုင်လေလေ ကျွန်တော်တို့အတွက် ကောင်းကျိုးရှိလေဖြစ်ပါတယ်။ ဒီအပေါ်မှာမူတည် ပြီး လူတွေရဲ့ သွားလာလှုပ်ရှားမှုနဲ့ ရောဂါအတက် အကျကို ပြန်ချိန်ကြည့်တဲ့အခါ ကူးစက်ရောဂါက အရှိန်နဲ့တက်တဲ့အချိန်မှာ သွားလာလှုပ်ရှားမှုတွေ က တက်နေသေးတယ်ဆိုရင် ရောဂါအရှိန်က တော်တော်နဲ့ မကျလာပါဘူး။ ဒါပေမယ့် ကူးစက် ရောဂါ တက်နေတဲ့အချိန်၊ သွားလာလှုပ်ရှားမှု တွေကျသွားရင် ကူးစက်ရောဂါကလည်း သိပ်မကြာ ဘူး ကျသွားတတ်ပါတယ်။ ဒါက အခုလို ဂရပ်တွေ၊ ကိန်းဂဏန်းတွေကို လေ့လာခြင်းဖြင့် တွေ့ရပါ တယ်။
Stay at Home ကို ဆက်ပြီးနေဖို့က မိမိအိမ် မှာ ကျန်းမာအောင်နေထိုင်ဖို့ အရေးကြီးပါတယ်။ Stay at Home ကာလမှာ အဓိက အိပ်ရေးဝအောင် အိပ်မယ်၊ အစားအသောက်အားရှိအောင် စားမယ်၊ ရောဂါအခံရှိသူတွေအနေနဲ့ မိမိသောက်နေကျ ဆေးတွေကို မပြတ်အောင်သောက်ဖို့၊ ပြနေကျ ဆရာဝန်တွေကို ဆက်သွယ်တိုင်ပင်ပြသဖို့ ဆောင်ရွက်ဖို့လိုပါတယ်။ ဆေးနဲ့ပတ်သက်လို့ ဆေးဆိုင်တွေကိုလည်း ဖွင့်ထားပါတယ်။ တစ်ဖက် က အစားအသောက်နဲ့ပတ်သက်ရင် ကြက်ဥမှ အားရှိတာ မဟုတ်ပါဘူး။ ကြက်ဥအစားထိုး စားသောက်နိုင်တဲ့ အစားအစာတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တင်ပြထားပြီး ဖြစ်ပါတယ်။ ဒါတွေကိုလည်း စားဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းမှ၊ အားရှိမှ ရောဂါကို တိုက် ဖျက်နိုင်မှာပါ။
နောက်တစ်ခုက စိတ်ကျန်းမာရေးလည်း လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအနေနဲ့ စိတ်ခွန် အားကောင်းမှ ရောဂါဒဏ်ကိုခံနိုင်မှာပါ။ Stay at Home ကာလတွေမှာ ဖြစ်နိုင်ရင် အိမ်မှာ နေထိုင် ပေမယ့် ကိုယ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဗီဒီယိုချက်လုပ်တာဖြစ်ဖြစ်၊ သတင်းမေးမြန်းတာ ဖြစ်ဖြစ် အပြန်အလှန် ပြောဆိုဆက်သွယ်တာ တွေက စိတ်ခွန်အားတက်စေတာတွေ ဖြစ်ပါ တယ်။ နောက်တစ်ခုက မိမိသက်ဆိုင်ရာ ဘာသာ တရားအလိုက် စိတ်ကိုတည်ငြိမ်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်ရင် စိတ်ကျန်းမာရေးကို အထောက် အကူပြုတဲ့ကိစ္စတွေ ဖြစ်ပါတယ်။
မဖြစ်မနေ အပြင်ထွက်ရတဲ့သူတွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် လည်း ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက် လိုက်နာဖို့ လိုပါတယ်။
နောက်တစ်ခုက အိမ်မှာ သံသယလူနာရှိတဲ့အခါ ပိုပြီးတော့ သူ့ကို သီးခြားထားနိုင်ဖို့ လိုပါတယ်။ အိမ်မှာ ရောဂါ အခံရှိတဲ့သူတွေ၊ အသက်အရွယ်ကြီး ရင့်တဲ့သူတွေရှိတယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေနဲ့ ခပ်ခွာခွာ နေပါ။ ဖြစ်နိုင်ရင် တစ်အိမ်သားလုံး Mask တပ်ထား ခြင်းနဲ့ လေဝင်လေထွက်ကောင်းအောင် ပြတင်း တံခါးတွေကို ဖွင့်ထားပေးတာတို့ကို လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်မှ ထိတွေ့ဆက်စပ်မှု တွေ၊ ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေ လျော့ကျပြီး ရောဂါဖြစ်ပွားမှုလှိုင်းကို ဖြတ်ကျော် နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲကို ကိုဗစ်ရောဂါတတိယလှိုင်း စတင်ရောက်ရှိတယ်လို့ ယူဆရတဲ့နေရာဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးမြို့မှာဆိုရင် ရောဂါကပြန်ကျနေပါပြီ။ ရောဂါဖြစ်ပွားမှုအနေနဲ့ တွန်းဇံမြို့နဲ့ ကျီခါးမြို့မှာဆိုရင် ပိုးတွေ့ရှိသူအသစ်က သုညနီးပါးရှိတဲ့ အခြေအနေက နှစ်ပတ်နီးပါးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါပိုးစတင်ဝင်ရောက်တဲ့နေရာတွေမှာ ရောဂါဖြစ်ပွားမှု တွေ စတင်ပြီး ကျဆင်းလာနေပါပြီ။ ဒါ့အပြင် တစ်နိုင်ငံလုံး အနေနဲ့လည်း ရောဂါဖြစ်ပွားမှုတွေက စတင်ပြီး တန်းလာနေတာကိုတွေ့ရပါတယ်။ ဒီလို တန်းလာနေတယ်ဆိုရုံနဲ့တော့ ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်ကို လျှော့ချလို့မရသေးတဲ့အနေအထားဖြစ်ပါတယ်။ တန်းလာနေတာကနေ ရောဂါ ဖြစ်ပွား မှုက ပြန်ပြီးတက်နိုင်တဲ့ အနေအထားလည်း ရှိနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုသိသိသာသာ ပြန်ကျ လာပြီဆိုမှ စိတ်အေးရမှာဖြစ်ပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်းအပြင် အစပိုင်းမှာ ရောဂါဖြစ်ပွား မှု များတဲ့ ကလေးမြို့လို နေရာတွေမှာလည်း ရောဂါဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း ပြန်ကျလာပြီ ဖြစ်ပါတယ်။ ဒါတွေက ကောင်းတဲ့အချက် တွေပါ။
တစ်ဖက်မှာလည်း စိတ်ပူရတဲ့နေရာတွေ ကျန်ပါ သေးတယ်။ စိတ်ပူတဲ့နေရာတွေအနေနဲ့ကတော့ အခု တတိယလှိုင်းဝင်ရောက်လာတဲ့ လမ်းကြောင်း နေရာတွေနဲ့ မြို့ကြီးတွေမှာ ရောဂါကူးစက်မှုတွေ တော်တော်များများဖြစ်ပြီးပြီဆိုပေမယ့် ရောဂါ မဖြစ်သေးတဲ့နေရာတွေ ကျန်နေပါသေးတယ်။ ဥပမာ - ရခိုင်ပြည်နယ်လို နေရာမျိုးဆိုရင် ရောဂါ လမ်းကြောင်းနဲ့ လွတ်သွားပြီး မဖြစ်သေးဘဲ ကျန်နေပါတယ်။ ဒီလိုပဲကျန်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်နေရာတော်တော်များများမှာ ရောဂါ များများစားစားမဖြစ်သေးတဲ့ နေရာတွေရှိ ပါတယ်။ ဒီလို ရောဂါမဖြစ်သေးတဲ့နေရာ တွေကို ရောဂါက အချိန်မရွေး ရောက်လာနိုင်တယ်၊ ဝင်လာနိုင်တယ်ဆိုပြီး သတိထားကာကွယ်ဖို့ လိုပါတယ်။
နောက်တစ်ခုက ကျေးလက်ဒေသမှာ နေထိုင် ကြသူတွေအနေနဲ့လည်း မိမိနေထိုင်ရာ ကျေးရွာ က မြို့ကြီးတွေနဲ့ မနီးဘူး၊ အဓိက ခရီးသွား လမ်းကြောင်းပေါ်မှာ မရှိဘူး၊ မြို့ကြီးတွေနဲ့ တိုက်ရိုက်အဆက်အဆံမရှိဘူးဆိုပေမယ့် မြို့ကြီး တွေကနေ ရွာကိုပြန်လာတဲ့သူတွေကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ကျန်းမာရေးဌာနကို သတင်းပို့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းတွေကို အလေးထားပြုလုပ် သင့်တဲ့အချိန်အခါဖြစ်ပါတယ်။
ဒီအချိန်မှာ အဓိကရောဂါဖြစ်ပွားမှုအခြေအနေ က တန်းလာတဲ့အနေအထားဖြစ်ပေမယ့် ပေါ့ဆလို့ မရသေးပါဘူး။ အထူးသတိထား စောင့်ကြည့်ရပါ မယ်။ အဲဒီမှာ အထူး၊ အထူး သတိထားရမယ့်နေရာ တွေက ရောဂါမဖြစ်သေးတဲ့ နေရာတွေနဲ့ ရောဂါ ဖြစ်ပွားမှု စပြီးတက်လာတဲ့နေရာတွေ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှု စပြီးတက်လာတဲ့နေရာတွေအနေနဲ့ ရောဂါဖြစ်ပွားသူ နည်းပါးသေးတဲ့အချိန်မှာ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်း တွေအနေနဲ့ ခြေနိုင်လက်နိုင်အနေအထားမှာ အထူးသတိထားပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် အဲဒီနေရာ တွေမှာရှိတဲ့သူတွေအနေနဲ့မပေါ့ဆကြပါနဲ့၊ ခုနကလို ကျေးလက်ဒေသမှာနေကြပေမယ့် ရောဂါကာကွယ် ရေးလုပ်ငန်းတွေကို ပေါ့ပေါ့ဆဆမဆောင်ရွက် ကြပါနဲ့၊ ရောဂါဖြစ်ပွားမှု များပြားရာဒေသက ပြန်လာတဲ့သူတွေကို သက်ဆိုင်ရာကျန်းမာရေးဌာန တွေ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းကာ မြို့ကပြန်လာတဲ့သူဆီမှာ ရောဂါပိုး ပါမလာအောင် အထူးသတိထားပြီး ကာကွယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တစ်ဖက်ကပြန်ကြည့်ရင် ရောဂါစဝင်ပြီးဖြစ်တဲ့ နေရာတွေမှာ တဖြည်းဖြည်းနဲ့ ရောဂါဖြစ်ပွားမှု အရှိန်ကျလာပြီ၊ တစ်နိုင်ငံလုံးအနေနဲ့ ရောဂါဖြစ်ပွား မှုအခြေအနေက တန်းလာပြီဖြစ်ပေမယ့် ပေါ့လို့ မရသေးပါဘူး၊ အထူးဆက်လက် သတိထားရပါမယ်။ ထပ်ပြီးပြောရရင် ဒီထဲမှာ ပိုပြီးအထူး၊ အထူး သတိထားရမယ့်နေရာတွေက အခုမှစတင်ပြီး ရောဂါ ဖြစ်ပွားတဲ့နေရာတွေနဲ့ တတိယလှိုင်းမှာ ရောဂါကူးစက်မှု လုံးဝမဖြစ်သေးတဲ့နေရာတွေပါ။ အဲဒီနေရာတွေက အထူးသတိထားပြီး ကာကွယ် ကြဖို့လိုပါတယ်။ အဓိက ရောဂါပိုး ကိုယ့်ဒေသကို မဝင်နိုင်အောင်၊ အခြေမချနိုင်အောင် အမြစ်မတွယ် အောင်လုပ်ဖို့လိုပါတယ်။
ရောဂါပိုး မဝင်နိုင်ဖို့ နည်းလမ်းအနေနဲ့ကတော့ ဒီရောဂါပိုးဟာ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ် နေရာတွေ က ဝင်နိုင်တဲ့အတွက် နှာခေါင်းနဲ့ ပါးစပ်ကို Mask နဲ့ လုံခြုံအောင် ဖုံးအုပ်ထားမယ်၊ မျက်စိကို လိုအပ် လာရင် Face Shield နဲ့ ကာကွယ်မယ်။ ဒီလိုမျိုးနဲ့ ဝင်ပေါက်တွေကို ကာကွယ်ထားရင် ဗိုင်းရပ်စ်က လုံးဝဝင်စရာအကြောင်း မရှိပါဘူး။ လူတိုင်းလူတိုင်း အထူးသတိထားပြီး ကာကွယ်ပါ။ တတိယလှိုင်း လွန်မြောက်တော့မယ့်အခြေအနေကို မြင်လာနေရ ပေမယ့် အထူး၊ အထူးသတိထားပြီး ဂရုစိုက် ဆက်လက်ကာကွယ်ပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။
အစီအစဉ်မှူး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး ။ ။ အဓိက ဒီနေရာမှာ ပြော ကြားလိုတဲ့ Key Message က ပိုးက ထွက်ရင်လည်း နှာခေါင်း၊ ပါးစပ်က ထွက်တယ်။ ဝင်ရင်လည်း နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကဝင်တဲ့အတွက် အဲဒီနေရာတွေကို အထူး သတိထားပြီး ကာကွယ်ပေးကြပါ။ နောက်တစ်ခုက ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းစားခြင်းကို ပြောကြား လိုပါတယ်။ ကျွန်တော့်အသိထဲမှာလည်း ရောဂါ ပိုးဝင်ပြီး ဆုံးရှုံးသွားတာ ရှိပါတယ်။ သူဆိုရင် ကွမ်းတော်တော်စားပါတယ်။ ဈေးရောင်းတဲ့သူ လည်း ဖြစ်တယ်၊ ကွမ်းစားတဲ့သူလည်းဖြစ်တဲ့ အတွက် Mask ကို မတပ်နိုင်ဘူး၊ အဲဒီအခါမှာ ရောဂါပိုးဝင်သွားပါတယ်။ ဒီလိုပါပဲ ဆေးလိပ် သောက်တယ်ဆိုရင် Mask ကို မတပ်နိုင်ဘူး။ ဆေးလိပ်သောက်တဲ့သူရဲ့ အဆုတ်ကလည်း တော်တော်ကြီးကို ဆေးလိပ်ကြောင့် ထိခိုက်ထား နိုင်တယ်၊ ဒီလိုအနေအထားမျိုးမှာ ပိုးဝင်ရင် ရောဂါဖြစ်ပွားမှုက ပိုပြီးပြင်းထန်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကို လုံးဝ ရှောင်ကြဉ်ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက် ရပါတယ်။
အစီအစဉ်မှူး ။ ။ ယခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ။