
ဝါရှင်တန် ဇူလိုင် ၃၀
ကိုဗစ်-၁၉ ကပ်ရောဂါ၏ မူလဇာစ်မြစ် ထွက်ပေါ် လာရေးအတွက် ထပ်မံစစ်ဆေးမှုပြုရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် အမေရိကန်က ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရော့စ် အက်ဒါနွမ် ဂါဘရီယီဆက်စ်နှင့် ကူဝိတ်မြို့တော်၌ ယမန်နေ့တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ၏ မူလဇာစ်မြစ်ကို ထပ်မံ စစ်ဆေးမှုများပြုလုပ်ရာတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဦးဆောင်ကာ သက်သေခံအထောက်အထားများအပေါ်အခြေခံပြီး ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ရန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က အလေးပေးပြောကြားသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ရောဂါသည် တရုတ်နိုင်ငံဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ယိုစိမ့်ထွက်လာနိုင်ဖွယ်ရှိသည်ဟု အခိုင်အမာပြောကြားခဲ့သော်လည်း ယင်းဖြစ်စဉ်မှာ လုံးဝမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက မတ်လတွင် အစီရင်ခံစာ တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို ထပ်မံစုံစမ်းစစ်ဆေးရန် ကြိုးပမ်း လျက်ရှိသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါ၏ မူလဇာစ်မြစ်ကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများအား ညွှန်ကြား ထားပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး သတင်း အချက်အလက်များ ဝေမျှပေးရန် တရုတ်အစိုးရအား ဂျိုးဘိုင်ဒင်က တိုက်တွန်းပြောကြားထားကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်