ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်ဆန္ဒရှိသည့် စေတနာ့ဝန်ထမ်းများ ဆက်သွယ်နိုင်

မန္တလေး  ဇူလိုင်  ၃၀ 

 


မန္တလေးတိုင်းဒေသကြီးတွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ များပြား လာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသ ရေးလုပ်ငန်းများအတွက်  မန္တလေးခရိုင်အတွင်း   ဖွင့်လှစ်ထားသည့်  ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ၊    ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင်   ဝိုင်းဝန်းကူညီဆောင်ရွက်ရန်ဆန္ဒရှိသည့်   စေတနာ့ ဝန်ထမ်းများအနေဖြင့်          ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သက်ဆိုင်ရာမြို့နယ်  စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း သိရသည်။

 


“ပရဟိတလုပ်ငန်းဆိုတာ  အများအကျိုးအတွက်ဦးစားပေးပြီးလုပ်တာပါ။ အခုလိုကာလမျိုးမှာ ပိုပြီးအရေးကြီးပါတယ်။ အသက် အန္တရာယ်နီးစပ်တယ်။    အချိန်မရွေးရောဂါကူးစက်နိုင်တာတွေကို အရေးမမူဘဲ  အများအကျိုးအတွက်  ဆောင်ရွက်လိုသူတွေရှိတယ်။ မိမိစိတ်ဆန္ဒအလျောက်  ပါဝင်ချင်တဲ့ဆန္ဒရှိရင် အသက်အရွယ်မရွေး ဆောင်ရွက်နိုင်ပါတယ်။ ခရိုင်အတွင်း  ဆေးရုံနဲ့  ကန့်သတ်စောင့်ကြည့် ရေးစခန်းတွေမှာ လိုအပ်တဲ့နေရာတွေမှာ ဖြည့်တင်းဆောင်ရွက်သွားမှာ ပါ။ တာဝန်မထမ်းဆောင်ခင်နဲ့  တာဝန်ထမ်းဆောင်ပြီးသွားတဲ့အခါ စေတနာ့ဝန်ထမ်းတွေကို လိုအပ်တဲ့ကျန်းမာရေးဆေးစစ်မှုတွေ လုပ်ပေး သွားမှာပါ”ဟု မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ က ပြောသည်။ 

 


ဝိုင်းဝန်းကူညီဆောင်ရွက်

 


ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ၊  အသွားအလာကန့်သတ် ထားရှိသောနေရာများတွင် ပရဟိတစိတ်ရှိသူများအားလုံး တစ်ဦးချင်း သို့မဟုတ်  အဖွဲ့အစည်းများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။ 

 


“ မိမိဆန္ဒအလျောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ဆက်သွယ် လာတဲ့   စေတနာ့ဝန်ထမ်းတွေကိုလည်း   စုဆောင်းပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး ရှောင်ရှားရမယ့် သိသင့်သိထိုက် တာတွေကိုလည်း  သက်ဆိုင်ရာတာဝန်ရှိသူနဲ့ ကျွမ်းကျင်တဲ့သူတွေက သင်ကြားပြသပေးသွားမှာပါ။ ပြည်သူတွေရဲ့ကျန်းမာရေးနဲ့ အသက် အန္တရာယ်ပါ  ခြိမ်းခြောက်နေတဲ့  ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာ စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးချင်တဲ့ ဆန္ဒရှိသူ မည်သူ မဆို  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်‌ပေးစေလိုပါတယ်”ဟု  ၎င်းက ဆက်လက်ပြောသည်။ 
ထိုးနှံပေးလျက်ရှိ


မန္တလေးတိုင်းဒေသကြီးတွင်     ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ၊ ကန့်သတ်စောင့်ကြည့် ရေးစင်တာများ ဖွင့်လှစ်ကုသပေးလျက်ရှိသည့်အပြင် မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူ အဘိုး အဘွား များနှင့်  ကိုဗစ်ကုသရေးစင်တာများမှ  စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို  ဇူလိုင်၂၅ ‌ရက်မှစ၍  သက်ဆိုင်ရာမြို့နယ်များရှိ  ကာကွယ်ဆေးထိုးအုပ်စုနေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 


မောင်အေးချမ်း
n