
နေပြည်တော် ဇူလိုင် ၃၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပွားလာနိုင်သည့် ရောဂါ များ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နေပြည်တော်၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများအပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ပြည်သူများ ယာယီစခန်းများသို့ ခေတ္တရွှေ့ပြောင်းနေထိုင်ကြရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမဖြစ်ပွားစေရေးနှင့် အခြား သော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာ ဒေသ များတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ လက်သန့်ဆေးရည်(Hand Sanitizer Gel)များ အလုံ အလောက် မြန်မြန်ဆန်ဆန် ဝေငှသွားရမည်ဖြစ် ကြောင်း၊ ယာယီစခန်းများတွင် ကျန်းမာရေးအသိ ပညာပေးခြင်းများအပြင် လက်ဆေးရန်နေရာများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ရေသန့်စင်ဆေးပြား နှင့် ဆေးမှုန့်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွင် အသုံးပြုသည့်ဆေးဝါးများနှင့် ဓာတ်ဆားထုပ်များ၊ မြွေဆိပ်ဖြေဆေးနှင့် ဆေးဝါးများကို ကြိုတင်ပြင်ဆင် ထားရှိမှုများကို သေချာစေရန်ဆောင်ရွက်ပြီး ထပ်မံ လိုအပ်ချက်ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ စီစဉ်ထားရှိရမည်ဖြစ်ကြောင်း။
ယခုဒေသများသည် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကျဒေသများ ဖြစ်သည့်အလျောက် မိမိတို့ ဒေသများတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဆေးဝါး များ၊ ဆေးပစ္စည်းကိရိယာများ၊ ရုံးလုပ်ငန်းသုံးပစ္စည်း များ မပျက်စီးစေရန် ကြိုတင်စီမံဆောင်ရွက်ထားရ မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၏ ပူးပေါင်း ပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း များကို အမျိုးသားရေးအသွင်ဖြင့် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အသုတ်လိုက် ထပ်မံရောက်ရှိ လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် သတ်မှတ်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုသို့ ထိုးနှံရာတွင် လုပ်ငန်း လမ်းညွှန်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန် နှင့် စာရင်းဇယားများ သေချာစွာပြုလုပ်ထားရှိရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အောက်ဆီ ဂျင်ထုတ်သည့်စက် (Oxygen Plant)များ ထပ်မံ တည်ဆောက်ခြင်း၊ အောက်ဆီဂျင်များ ဝယ်ယူ ဖြန့်ဖြူးခြင်းတို့ကို တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်များ ပိုမိုပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာနများလည်း ထပ်မံတိုးချဲ့ လျက်ရှိပြီး ကုသရေးဌာနများရှိလူနာများ ဆေးရုံသို့မလွှဲပြောင်းမီအချိန်တွင် ဆေးရုံတွင်ကုသသကဲ့သို့ ကုသမှုရရှိစေရန် ဆေးဝါးနှင့် ဆေးပစ္စည်းများလည်း ထပ်မံဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်များအနေဖြင့် လုပ်ငန်းလိုအပ်ချက် များကို တင်ပြတောင်းခံရန်နှင့် ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ဗဟိုမှပေးပို့လာသော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို မိမိတို့၏ ကာကွယ်ဆေးသိုလှောင်ရုံ အအေး လမ်းကြောင်းများတွင် ထားသိုခြင်းနှင့် မြို့နယ်များသို့ ထပ်ဆင့်ဖြန့်ဝေပေးခြင်းတို့အပြင် ကာကွယ်ဆေး များကို အအေးလမ်းကြောင်း မပြတ်ဘဲ ပိုမိုထားသို နိုင်ရန်အတွက် တပ်မတော်ဆေးရုံများရှိ Cold Chain System များနှင့် ချိတ်ဆက်၍ ဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အသက် ၆၅ နှစ်အထက်များသာမက သတ်မှတ် အုပ်စုများအားလုံးကို ထိုးနှံကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအဖွဲ့များ ဖွဲ့စည်းထားရှိရာတွင် စေတနာ့ဝန်ထမ်းများထပ်မံလိုအပ်ပါက သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးစီးလမ်းညွှန် ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ဖြစ်ပွားမှု၊ ယာယီစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ ကူးစက်ရောဂါ များဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါစောင့်ကြပ် ကြည့်ရှုမှုစနစ်ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေးများရရှိမှု၊ ထားသိုမှုနှင့် ဖြန့်ဖြူးမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများကိုလည်းကောင်း ကိုဗစ်-၁၉ လူနာ များအတွက် အောက်ဆီဂျင်များ ပိုမိုရရှိစေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်နေမှုတို့ကို လည်းကောင်း တင်ပြခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကူးစက်)နှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်