
တွေ့ဆုံမေးမြန်းသူ - မြင့်သန်းဦးနှင့် ခင်စန္ဒာဆွေ(ပြန်/ဆက်)၊ ဓာတ်ပုံ - မြင့်ဟန်(ပြန်/ဆက်)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၊ အထက(၁) နှင့် အထက(၄)တို့၌ ဇူလိုင်လ ၂၉ ရက် က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် စပ်လျဉ်း ၍ ကျန်းမာရေးဦးစီးဌာန၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်နေသည့် ကြက်ခြေနီတပ်ဖွဲ့နှင့် ကာကွယ်ဆေးလာရောက် ထိုးနှံသည့် မိဘပြည်သူများကို တွေ့ဆုံမေးမြန်း ထားပါသည်။
ဒေါ်ဝင့်မွန်လွင်
အမျိုးသမီးကျန်းမာရေးဆရာမ (LHV)
ဒေသန္တရကျန်းမာရေးဌာန(UHC)
မေး ။ ဒီကနေ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမှာ ကျန်းမာရေးဝန်ထမ်း တစ်ဦးအနေနဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အပေါ် ဘာများ ပြောချင်ပါသလဲရှင်။
ဖြေ ။ အခုရောဂါဖြစ်နေတဲ့အချိန်မှာ ဧရာဝတီ တိုင်းဒေသကြီးက ရောဂါအဖြစ်အများဆုံး ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၆၅ နှစ်အထက် တွေ၊ လူကြီးတွေကို အခုလို ဆေးထိုးပေးရတဲ့အတွက် ကိုယ့်ရဲ့အဘိုးအဘွားတွေ၊ ဆွေမျိုးတွေကို ကာကွယ် ပေးခွင့်ရတယ်လို့ ခံစားရပါတယ်။ သူတို့ရဲ့ တစ်စိတ် တစ်ဒေသကို ၁၀၀ ရာခိုင်နှုန်း မကာကွယ်နိုင်ရင် တောင်မှ ကျွန်မတို့ထိုးပေးတဲ့ ဆေးလေးနဲ့ သူတို့ကို ၉၀ ရာခိုင်နှုန်း သူတို့မိသားစုရဲ့ ထက်ဝက်လောက် ကို ကာကွယ်နိုင်ခဲ့တယ်ဆိုရင် ကျွန်မတို့ရဲ့လုပ်အား တစ်နိုင်တစ်ပိုင်အားလေးနဲ့ ဒီလိုမျိုးလုပ်ပေးခွင့်ရတဲ့ အတွက် ဝမ်းသာမိသလို ဒီလိုမျိုးလုပ်ပေးခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်မိပါတယ်။
မေး ။ အခု ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင် လည်း ပြောပြပေးဦးရှင်။
ဖြေ ။ ကျွန်မတို့အနေနဲ့ လေ့ကျင့်ထားပြီးဖြစ်တဲ့ အတွက် အခက်အခဲရယ်လို့ သိပ်မရှိပါဘူး။ အထက်လူကြီးတွေရဲ့ စီမံညွှန်ကြားချက်အတိုင်းကို ပထမရက်ကတည်းက အစီအစဉ်တွေဆွဲတယ်၊ ဘယ်ရပ်ကွက်တွေဆိုတာကို နေရာချတယ်၊ ချိတ်ဆက်တယ်၊ ပြီးတော့ ဆေးထိုးရမယ့်နေရာ တွေကို မနေ့ကတည်းက ကြိုတင်ပြင်ဆင်တယ်၊ ဒီကနေ့ကျတော့ ဆေးတွေကို တိုင်းကနေ ဆရာဝန် ကြီးရဲ့စီစဉ်မှုနဲ့ ထိုးနှံပေးပါတယ်။ ဒါကတော့ ကျွန်မ တို့ အမြဲလုပ်နေကျ လုပ်ငန်းဆိုတော့ အခက်အခဲ မရှိပါဘူးရှင်။
ဦးအုန်းကျော်
အသက် (၈၁) နှစ်
ရပ်ကွက် (၁) ၊ ပုသိမ်မြို့
မေး ။ အခု ကိုဗစ်ကာကွယ်ဆေးလာထိုးတာ ပထမဆုံးအကြိမ်ပါလား။ ဆေးထိုးဖြစ်တဲ့ အကြောင်းလေးကို ပြောပြပေးပါဦး။
ဖြေ ။ အခု မြို့တော်ခန်းမမှာ ကာကွယ်ဆေးထိုး ပေးနေတယ်ဆိုပြီး အသိတစ်ယောက်က သူအရင်ဆေးထိုးပြီး ပြန်လာတယ်လို့ကြားတော့ အဘလည်း ရေမိုးချိုးပြီးတော့ တစ်ယောက်တည်း စက်ဘီးစီးပြီး ထွက်လာခဲ့တာပဲ။ ဆေးထိုးရတဲ့ အကြောင်းကတော့ ရောဂါဖြစ်မှာကြောက်လို့ပါ။ အခု ဆေးထိုးပြီးလို့ ဆရာမတွေက ခဏလေး အနားယူပါဆိုလို့ ထိုင်စောင့်နေတာပါ။ အခုဆေးထိုး ပြီးတော့ အဘအနေနဲ့ ထူးထူးခြားခြား ဘာမှ မခံစားရပါဘူး။
ဒေါ်ညိုတင်
အသက် (၇၈) နှစ်
ရပ်ကွက် (၁)၊ ပုသိမ်မြို့
မေး ။ အခုလို ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့် ရတဲ့အပေါ် ဘယ်လိုခံစားရပါလဲ။
ဖြေ ။ ဆေးမထိုးခင်ကတော့ စိတ်ပူပန်နေရတယ်။
အခုဆေးထိုးလိုက်ရတော့ စိတ်ထဲမှာ ပေါ့ပါးသွားတယ်၊ စိတ်လုံခြုံမှု၊ စိတ်ချမ်းသာမှု ရသွားတယ်၊ နောက်ပြီးတော့ ရောဂါအနေနဲ့ ကာကွယ်မှုရတယ်ဆိုပြီး ထိုးချင်နေခဲ့တာကြာပြီ ဆိုတော့ အခုမှ ထိုးဖြစ်သွားခဲ့ပါတယ်။
မေး ။ ကာကွယ်ဆေးထိုးပြီးတော့ ဆေးထိုးခွင့် ရတာနဲ့ ပတ်သက်ပြီး ဘာများပြောချင် တာရှိပါသလဲ။
ဖြေ ။ ကာကွယ်ဆေး ထိုးခွင့်ရပြီဆိုတော့ အလွန် ဝမ်းသာမိပါတယ်။ တီဗွီထဲမှာ ဆေးထိုး သူတွေရဲ့ ဝမ်းသာပီတိ စကားသံတွေလည်း ကိုယ်တိုင်လည်း ကြားသိရတယ်။ ကာကွယ်ဆေး မထိုးဖြစ်တဲ့သူမရှိအောင် ကိုယ်တိုင်လည်း တိုက်တွန်းသွားပါ့မယ်။ အခုလို အသက်ကြီးသူတွေ ကို ဦးစားပေးထိုးနှံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးတင်ဌေးအောင်
မြို့နယ်တပ်ဖွဲ့မှူး
ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ၊ ပုသိမ်မြို့
မေး ။ ကိုဗစ်ကာကွယ်ဆေး ပထမရက်ထိုးနှံမှုမှာ ဆရာ့အနေနဲ့ ပါဝင်ဆောင်ရွက်ရတဲ့ အပိုင်း လေးကို ပြောပြပေးပါရှင်။
ဖြေ ။ အခု ကာကွယ်ဆေးထိုးတဲ့ ပထမရက်မှာ ပုသိမ်မြို့အနေနဲ့ စုရပ် သုံးနေရာ ခွဲထား ပါတယ်။ အထက(၁)၊ အထက(၄)နဲ့ မြို့တော်ခန်းမ တို့ နေရာပဲဖြစ်တယ်။ ကျွန်တော်တို့ ကြက်ခြေနီ တပ်ဖွဲ့ စုရပ် သုံးနေရာမှာ အင်အားနှစ်ဦးစီနဲ့ ကျန်းမာရေးဌာနရဲ့ ဆေးထိုးတဲ့ လုပ်ငန်းမှာ လိုအပ် တာလေးတွေ ကူညီဆောင်ရွက်ပေးပါတယ်။ သက်ကြီးရွယ်အိုတွေ ဆေးလာထိုးတာဖြစ်တဲ့ အတွက် သက်ကြီးရွယ်အိုတွေ၊ တချို့ မသန်စွမ်း တာလေးတွေ ပါတာရှိတယ်။ သူတို့ကို ဆေးထိုး တာ အဆင်ပြေအောင်ရယ်၊ သွားတာလာတာ ပြန်တဲ့ အထိ ကူညီဆောင်ရွက်ပေးပါတယ်။ မနက် ၉ နာရီ ကစပြီးတော့ ဆေးထိုးပေးနေတာ အခုဆို လူ ၉၀ ကျော်လောက် လာရောက်ထိုးနှံပြီး ဖြစ်ပါ တယ်။
မေး ။ ကိုဗစ်ရောဂါ ကာကွယ်ဆေး လာရောက် မထိုးတဲ့ သူတွေကိုရော ဆရာ့အနေနဲ့ ဘာများ ပြောချင်ပါလဲ။
ဖြေ ။ အခုအဖြစ်များနေတဲ့ ကိုဗစ်ရောဂါကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ရှိနေတယ် ပေါ့။ အခု အသက် ၆၅ နှစ်နဲ့ အထက်တွေကို နိုင်ငံတော်ကနေ ဦးစားပေးထိုးနှံပေးတာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ ဘိုးဘွားမိဘတွေရဲ့ ကျန်းမာရေး အတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို လာရောက် ထိုးနှံစေဖို့၊ လာရောက်ပို့ဆောင်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။