
နေပြည်တော် ဇူလိုင် ၃၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်အတွက် သွင်းကုန် လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ပြင် ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူ မြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၄၇၇၈ ခု၊ Test Kit ၁၅၉၀၀ တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည်(Bowser)ယာဉ်နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီ ဂျင်အရည် (အိုးဖြင့်) ၁၁ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၉၈၇၂ ခု၊ Oxygen Plant နှစ်ခု၊ နှာခေါင်းစည်း (Mask) ၁၄၁ တန် တင်သွင်းနိုင်ခဲ့သည်။ အဆိုပါ ပစ္စည်းများကို ကုမ္ပဏီ ၃၆ ခုမှ ယာဉ်စီးရေ ၅၇ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရ သည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ မှ ယနေ့အထိ ယာဉ် စီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၁၄ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၉၁၄၆ ခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း(Mask) ၁၁၀၄ တန်၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် လေးခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ်ပါ ကလည်း သက်ဆိုင်ရာ ကုန်သွယ် ရေးစခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်