
မန္တလေး ဇူလိုင် ၃၁
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အသက် ၆၅နှစ်အထက်ရှိသူများအား ယနေ့တွင် အဆိုပါမြို့နယ်ရှိ အမှတ် (၂၆ ) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးသည်။
ချမ်းမြသာစည်မြို့နယ်၌ ဇူလိုင် ၂၄ ရက်မှစ၍ အသက် ၆၅ နှစ်အထက်ရှိသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင် ဆေး ခွဲတမ်း ၄၀၀ ရရှိသည့်အပေါ်တွင် ရပ်ကွက် (၇) ရပ်ကွက်၌ စုရပ် ငါးနေရာခွဲ၍ ကျန်းမာရေး ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံပေးကြသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယ ဦးစီးမှူး ဒေါ်နယ်လီဝင်းက “ကျွန်မတို့ ချမ်းမြ သာစည်မြို့နယ်မှာ သက်ကြီးရွယ်အိုက ၂၄၀၀၀ ကျော်ရှိပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာထိုးပြီးတဲ့ လူဦးရေနဲ့ အခု တတိယလှိုင်းမှာထိုးပြီးတဲ့ လူဦးရေနဲ့ဆိုရင် ၆၃ ရာခိုင်နှုန်းလောက် ကာကွယ်ဆေးထိုးပြီးပါပြီ။ ချမ်းမြသာစည်မြို့နယ်က လူဦးရေ ထူထပ်တယ်။ မြို့နယ်က ကျယ်ပြန့်တယ်။ ဆေးခွဲတမ်းအနေနဲ့ တစ်ရက်ကို ၂၀၀ ရတယ်။ ရပ်ကွက်အနေနဲ့ ၁၄ ရပ်ကွက်ရှိတယ်။ ဒါကြောင့် အပိုင်းလိုက် ဆေးခွဲပြီး ထိုးနှံပေးပါတယ်။
“ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ ၆၅နှစ် အထက်တွေကို ဦးစားပေးထိုးနှံပေးပါတယ်။ ၆၅နှစ် အထက်မှာ သူတို့ရဲ့ ကိုယ်ခံအားကျဆင်းမှု၊ ခံနိုင်ရည်ရှိမှုတွေ အပေါ်မူတည်ပြီး သက်ကြီး ရွယ်အိုအပိုင်းကို ဦးစားပေးထိုးနှံပေးပါတယ်။ နောက်ထပ် ဆေးထိုးနှံဖို့ ကျန်ရှိတဲ့ ၃၇ ရာခိုင်နှုန်း ဆေးထိုးနှံပြီးရင် ကျန်တဲ့အသက်အရွယ်အလိုက်ကို အပိုင်းလိုက် ထိုးနှံပေးဖို့လည်း စီစဉ်ထားပါတယ်။ ဦးစားပေးထိုးနှံပေးရမှာကတော့ မဖြစ်မနေ လုပ်ငန်း ဆောင်ရွက်နေရတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေဖြစ်ပါတယ်”ဟု ပြော သည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ ခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူ ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးခရိုင် ခုနစ်မြို့နယ် အတွင်းရှိ အသက်၆၅နှစ်အထက်ရှိသူများအား လေးနေရာခွဲ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှ စတင်၍ မြို့နယ်တစ်မြို့နယ်လျှင် စုရပ် ငါးနေရာခွဲ၍ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မောင်အေးချမ်း