
ဟားခါး ဇူလိုင် ၃၁
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမနှင့် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတို့တွင် ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သွားရောက်ကြည့်ရှုအားပေး
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး ကြသည်။
ဆက်လက်ထိုးနှံပေးသွားမည်
ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်း ဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိသည့် အမျိုးသားဝန်ထမ်း ၂၇၀၊ အမျိုးသမီးဝန်ထမ်း ၂၂၃ ဦး စုစုပေါင်း ၄၉၃ဦးကို ယနေ့မှစ၍ ဇူလိုင် ၃၀ ရက်အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)