ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် 
 (၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်)
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)


၁။ တပ်မတော်အနေဖြင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး   ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက် ကောင်းမွန်လာစေရန်  အင်တိုက်အားတိုက်  လုပ်ဆောင်လျက်ရှိပါသည်။  ထို့အပြင် နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးအောင်မြင် ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်း စဉ်ဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင် အထည် ဖော်ဆောင်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းပေး လျက်ရှိသည်။


၂။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအောင်မြင်  ပြီးဆုံးသည် အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးနှင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇ ပြောင်းလဲလာသော ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုများပြားလာသဖြင့် ကူးစက်ခံရသူ  အရေအတွက်မှာ မြင့်တက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ် ကာကွယ်တားဆီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရောဂါကာကွယ်  ထိန်းချုပ် ကုသနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းရှိလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍      ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌   နိုင်ငံတော်ကာကွယ်ရေးနှင့်   အုပ်ချုပ်မှုဆိုင်ရာ  ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို သြဂုတ် ၁ ရက်မှ   စက်တင်ဘာလ ၃၀ ရက်အထိ  ထပ်မံတိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်သည်။


၃။ တပ်မတော်က   စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ   ထပ်မံတိုးမြှင့်ရပ်စဲပေးထားသည့်    ကာလများအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးက   ညှိနှိုင်းဆွေးနွေးမှုများဖြင့်     ထာဝရငြိမ်းချမ်းရေးရရှိအောင်   ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းထုတ်ပြန်အပ်ပါသည်။

                                                                                         

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး