
ရန်ကုန် ဇူလိုင် ၃၀
ONE Battleground အမည်ရ MMA ပြိုင်ပွဲကို ယနေ့ညပိုင်းက စင်ကာပူနိုင်ငံရှိ Singapore Indoor Stadium ၌ကျင်းပရာ မြန်မာ MMA ကစားသမား အောင်လအန်ဆန်က မစ်ဒယ် ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဘရာဇီး နိုင်ငံသား လီအန်ဒရိုကို ပထမ အချီတွင် ဆင့်ကဲလက်သီးချက် များဖြင့် ပွဲသိမ်းအလဲထိုး အနိုင်ယူ ခဲ့သည်။ ONE Championship သည် ယခုပြိုင်ပွဲတွင် ကမ္ဘာ့ ချန်ပီယံလုပွဲတစ်ပွဲ အပါအဝင် တွဲဆိုင်းစုစုပေါင်း ခြောက်ပွဲ ထည့်သွင်းကျင်းပခဲ့သည်။
ယခုပွဲအနိုင်ရသူမှာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ် နိုင်မည်ဖြစ်သောကြောင့် နှစ်ဦးစလုံး အနိုင်ရရန် ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ထား ရသည့် အောင်လအန်ဆန်အတွက် ပိုမိုအရေးပါနေပြီး ချန်ပီယံခါးပတ်ကို တစ်ကျော့ပြန်စိန်ခေါ်ခွင့်ရနိုင်ရန် ပိုမိုအားထုတ်ခဲ့သည်။ အောင်လ အန်ဆန်သည် နှစ်ပွဲဆက်အရေးနိမ့်ပြီးနောက် ပထမဆုံးနိုင်ပွဲပြန်ရခဲ့သလို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ၎င်းအတွက် ကျေနပ်စရာကောင်း သည့် နိုင်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ အောင်လအန်ဆန်သည် ယခုပွဲအတွက် လနှင့်ချီကာ ပြင်ဆင်ခဲ့သလို လီအန်ဒရို၏ နည်းဗျူဟာနှင့် ထိုးကွက် များကို ကြိုတင်လေ့လာပြင်ဆင်နိုင်ခြင်းကြောင့်လည်း စောစီးစွာ ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်ကို ချုပ်ကွက်ဖြင့် အနိုင်ယူဖူးသည့် နယ်သာလန် နိုင်ငံသား ဒီရစ်ဒါနှင့် ပူးတွဲလေ့ကျင့်ထားသည့် လီအန်ဒရိုအနေဖြင့် ချုပ်ကွက်များဖြင့် တိုက်ခိုက်လာနိုင်သည်ကိုလည်း အောင်လအန်ဆန် အနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး ပထမအချီတွင် ချုပ်ကွက်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည်။ အောင်လ အန်ဆန်သည် နောက်ပိုင်းတွင် ၎င်းပုံစံဖြစ်သည့် Stand Fight ကိုသာ ဦးစားပေးအသုံးပြုခဲ့ခြင်းဖြစ်သည်။ ပထမအချီ တစ်မိနစ်အတွင်း နှစ်ဦး စလုံး အကဲစမ်းခဲ့သော်လည်း တစ်မိနစ်ကျော်တွင် လီအန်ဒရို၏ ချုပ်ကွက်ကြောင့် အောင်လအန်ဆန် ရုန်းထွက်ခဲ့ရသည်။ နှစ်မိနစ်ကျော် တွင် အောင်လအန်ဆန်က လက်သီးချက်များဖြင့် ဆက်တိုက်ထိုးသတ် ခဲ့ပြီး ဒူးတိုက်ချက်ကြောင့် လီအန်ဒရို ယိုင်ဆင်းသွားသည်ကို ဘယ်ညာ လက်သီးချက်များဖြင့် ဆက်တိုက်ပစ်သွင်းကာ ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် ၃ မိနစ် ၄၅ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ONE Championshipသည် ယခုပွဲအနိုင်ရသူကို မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အောင်လအန်ဆန်အနေဖြင့် ယခုပွဲအနိုင်ရရှိခဲ့ခြင်းကြောင့် စိန်ခေါ်ခွင့် ရရှိမည်ဖြစ်သည်။
ရဲရင့်လွင်