လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ကြေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဇူလိုင်  ၂၉


ရှမ်းပြည်နယ်အတွင်း  အကောင်အထည်ဖော်လျက်ရှိသော  ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို       ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT)နှင့် လူမှုရေးပင်စင်အစီအစဉ်များ  အကောင်အထည်ဖော်ရေး ဆိုင်ရာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်  အဆိုပါ  အစီအစဉ်များအတွက် ထောက်ပံ့ကြေးငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ 


ပြောကြား


ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်က ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော     အသက်နှစ်နှစ်အောက်ကလေးသူငယ်များ   ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုနှင့် လူမှုရေးပင်စင်အစီအစဉ်များနှင့်ပတ်သက်ပြီး          အဓိကအားဖြင့် အချက်နှစ်ချက်ဆွေးနွေးလိုပါကြောင်း၊   ပထမအချက်အနေဖြင့် ထောက်ပံ့ကြေးများ    သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများမှ အဆင်ပြေစွာ ထုတ်ယူနိုင်ရေးဖြစ်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ဘဏ်ကထုတ်ယူပြီးနောက် မြေပြင်တွင် အကျိုးခံစားခွင့်ရှိသူများကို အဆင်ပြေစွာ ထောက်ပံ့မှုပြုနိုင်ရေးတို့ဖြစ်ပါကြောင်း၊  လက်ရှိကပ်ရောဂါ ကြုံတွေ့နေရချိန်တွင် အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များနှင့်  သက်ကြီးရွယ်အိုများအတွက်     ထောက်ပံ့ငွေကြေးမှာ များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည့်အတွက်  အားလုံးဝိုင်းဝန်း အဖြေရှာပြီး    ဆောင်ရွက်ပေးစေလိုပါကြောင်း၊   အစီအစဉ်များ အောင်အောင်မြင်မြင်   ဆောင်ရွက်နိုင်ရေးအတွက်  ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်ပေးမှုနှင့် ပေါင်းစပ်ညှိနှိုင်းပေးမှုမှာ များစွာအရေးကြီးပါကြောင်း ပြောကြားသည်။


အကြံပြုဆွေးနွေး


ယင်းနောက်   ရှမ်းပြည်နယ်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက  အမှာစကားပြောကြားကာ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ်  စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလိတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။


ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ၎င်းတို့မှမွေးဖွားလာ သော  အသက်နှစ်နှစ်အောက်ကလေးသူငယ်  ၈၇၇၁၃ ဦးအတွက်  ငွေကျပ် ၃၉၄၇ ဒသမ ၀၈၅  သန်းနှင့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၁၃၂၄၅ ဦးအတွက် ငွေကျပ်  ၃၉၇ ဒသမ ၃၅၀ သန်း စုစုပေါင်း အစီအစဉ် နှစ်ရပ်အတွက်  ထောက်ပံ့ကြေး ငွေကျပ် ၄၃၄၄ ဒသမ ၄၃၅ သန်းကို ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူး  ဦးထွန်းဦးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့က လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

 


သတင်းစဉ်