‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကြောင့် ကာကွယ်ဆေးမထိုးထားတဲ့ အထူးသဖြင့် အသက်ငယ်တဲ့သူတွေမှာ ရောဂါဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှုများတယ်ဆိုတာကို သိစေချင်ပါတယ်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
 

ထက်လျှံ
 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၈ ရက် ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 


အစီအစဉ်မှူး  ။    ။    နိုင်ငံတစ်ဝန်း      ကိုဗစ် - ၁၉        တတိယလှိုင်း             ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန      ပြည်သူ့ကျန်းမာရေးဦးစီးဌာန   ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဒီနေ့မှာ   လက်ရှိဖြစ်ပွားနေတဲ့  ကိုဗစ်ရောဂါပိုးနဲ့  ပတ်သက်ပြီး သိပါရစေ။
ဒေါက်တာခင်ခင်ကြီး  ။    ။    လက်ရှိကမ္ဘာတစ်လွှားမှာ   ကိုဗစ် - ၁၉         ရောဂါပိုးရဲ့ ဗီဇပြောင်းပိုးတွေကြောင့် ရောဂါပိုးဖြစ်ပွားမှု၊ ရောဂါပိုးကြောင့် သေဆုံးမှုတွေက တိုးလာတာကို တွေ့ရှိရပါတယ်။ ဒီဗီဇပြောင်းပိုးတွေက ဘယ်လောက်အထိ ကူးစက်မှု မြန်တယ်၊   ရောဂါပြင်းထန်မှု၊  ရောဂါပြန်ပြီးဖြစ်ပွားနိုင်မှု၊   ဆေးရုံ တက်ရောက်ရမှု၊     လက်ရှိကူးစက်နိုင်မှုတွေကို   ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက်နေမှုနဲ့ ဓာတ်ခွဲခန်းတွေကနေ    ရောဂါရှာဖွေမှုတွေအပေါ် ဘယ်လိုအထိ      ပတ်သက်နေတယ်ဆိုတာကို     ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားသူ ၁၉၄ သန်းကျော် ဖြစ်ပွားခဲ့ပြီး ရောဂါကြောင့်သေဆုံးသူ ၄ ဒသမ ၁၆ သန်းကျော် ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ပွားမှုတွေ၊ ကူးစက်မှုတွေ များနေရသလဲဆိုတာကို သုတေသနပညာရှင်တွေရဲ့ လေ့လာသုံးသပ် ချက်တွေအရ   ဗီဇပြောင်းပိုးတွေ့ကြောင့်    ဖြစ်ပွားတယ်ဆိုတာကို အဓိကတွေ့ရှိရပါတယ်။    ဗီဇပြောင်းဗိုင်းရပ်စ်ပိုးရဲ့   သဘောအရ မပြောင်းရမနေနိုင်တဲ့    သဘောရှိပါတယ်။   ဒီလိုပြောင်းလဲရခြင်းက ဗိုင်းရပ်စ်ရဲ့ မျိုးနွယ်တည်တံ့ဖို့နဲ့ အားကောင်းလာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲဖို့အတွက် ဘယ်လိုအခြေအနေမျိုးမှာ ပြောင်းလဲနိုင်သလဲဆိုရင်   ရောဂါကူးစက်သူတွေ  များပြားလာလေ ပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းများလေလေ ဖြစ်ပါတယ်။

 


ဒီလို ဗီဇပြောင်းဗိုင်းရပ်စ်တွေက ဘာကြောင့် ကြောက်စရာ ကောင်းလဲဆိုရင် ဗိုင်းရပ်စ်တွေက ဗီဇပြောင်းသွားပြီဆိုရင် တစ်ယောက် နဲ့တစ်ယောက် လွယ်ကူလျင်မြန်စွာ ကူးစက်နိုင်ဖို့  အရမ်းလွယ်ကူ ပါတယ်။ သာမန်ကိုဗစ် - ၁၉ ရောဂါပိုးရဲ့ နဂိုမူလက လူတစ်ယောက် ကနေပြီး တခြားသူ   နှစ်ယောက်ခွဲလောက်   ကူးစက်နိုင်ပါတယ်။ ဗီဇပြောင်းပိုးတွေ ဖြစ်လာတဲ့အခါမှာ ‘အယ်လ်ဖာ’ ဗီဇပြောင်းပိုးက လူတစ်ယောက်ကနေပြီး တခြားသူ  သုံးယောက်ကနေ လေးယောက် အထိ ကူးစက်နိုင်ပါတယ်။

 


‘ဒယ်လ်တာ’ ဗီဇပြောင်းပိုးက လူတစ်ယောက်ကနေပြီး တခြားသူ ငါးယောက်ကနေ ရှစ်ယောက်အထိ ကူးစက်နိုင်တာကို တွေ့ရတဲ့အတွက် သူ့ရဲ့ ကူးစက်မှုက ပိုပြီးမြန်ဆန်တယ်။ ဒီလို ကူးစက်မှုပိုမြန်တဲ့အတွက် သူ့မှာရောဂါပိုး ပွားများနိုင်ဖို့ အခွင့်အလမ်းပိုရပြီး နောက်ထပ်ရောဂါပိုး ပွားများနိုင်လေလေဖြစ်ပါတယ်။ ဒီလိုလျင်လျင်မြန်မြန် ရောဂါပိုး ပွားများတဲ့အတွက် လူတွေမှာ ရောဂါပိုးကူးစက်ခံရပြီး ရောဂါကြောင့် ဝေဒနာခံစားရတဲ့အဆင့်အထိ ရောက်လာပါတယ်။ ဒီလို ရောက်လာ တယ်ဆိုတာ ရောဂါပိုးက  သူ့ရဲ့စွမ်းအားတွေကို   အဆင့်မြှင့်တင်ပြီး ပွားများခြင်းဖြင့် ဆောင်ရွက်တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေ ပြောင်းလဲ တယ်ဆိုတာက သူရဲ့ဗီဇအရ ပြောင်းလဲတာ ဖြစ်ပါတယ်၊ မပြောင်းလဲရ မနေနိုင်ပါဘူး။
ဒီလိုမျိုး ကူးစက်မှုတွေ၊  ပြောင်းလဲမှုတွေမဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ ကူးစက်မှုတွေကို ရပ်တန့်နိုင်မယ်ဆိုရင် ဗီဇပြောင်းပိုးတွေ ဖြစ်ပွားမှုကို ဟန့်တားရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။    ဒီလို   ဟန့်တား ရပ်တန့်နိုင်ဖို့အတွက် ဘာလုပ်ရမလဲဆိုရင် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုဗစ် - ၁၉   စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ 

 


လက်ရှိကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ နဲ့ ပတ်သက်ပြီးတော့ အဓိက ဗီဇပြောင်းပိုးတွေ    ဘယ်လောက်အထိရှိလဲ၊  ဒီဗီဇပြောင်းပိုးတွေမှာ Variant of concern   နဲ့  Variant of Interest ဆိုတာရှိပါတယ်။ အချုပ်အနေနဲ့ပြောရရင်  ကမ္ဘာပေါ်မှာ  လူတွေမှာ  ဒုက္ခပေးနေတဲ့ ဗီဇပြောင်းပိုးကို Variant of concern လို့ ခေါ်ပါတယ်။ Variant of concern အနေနဲ့ ကမ္ဘာပေါ်မှာ လေးမျိုးရှိပါတယ်။ ဒါတွေက ‘အယ်လ်ဖာ’ လို့ခေါ်တဲ့ ဗီဇပြောင်းပိုးကို ယူကေနိုင်ငံမှာ စတင်တွေ့ရှိပြီး B.1.1.7 လို့ခေါ်ပါတယ်။ ‘ဗီတာ’ လို့ခေါ်တဲ့ ဗီဇပြောင်းပိုးကို တောင်အာဖရိက နိုင်ငံမှာ စတင်တွေ့ရှိပြီး B.1.351 လို့ခေါ်ပါတယ်။ ‘ဂါမာ’ လို့ခေါ်တဲ့ ဗီဇပြောင်းပိုးကို ဘရာဇီးနိုင်ငံမှာ စတင်တွေ့ရှိပြီး P.1 Variant လို့ခေါ်ပါတယ်။ ‘ဒယ်လ်တာ’ လို့ခေါ်တဲ့ ဗီဇပြောင်းပိုးကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိပြီး B.1.617.2 လို့ ခေါ်ပါတယ်။ လက်ရှိ  ကမ္ဘာကြီးကို ခြယ်လှယ်နေတာကလည်း     ‘ဒယ်လ်တာ’     မျိုးရိုးဗီဇပြောင်းပိုးပဲ ဖြစ်ပါတယ်။

 


လက်ရှိအနေအထားအရ ဒီ လေးခုကို Variant of concern လို့ ဘာကြောင့်ခေါ်ရသလဲဆိုရင် Variant of concern ဆိုတာက သူ့ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုက သိသာထင်ရှားတဲ့ ဆိုးကျိုးတွေဖြစ်လာတယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ၊ နဂိုထက် ကွဲပြားခြားနားမှုတွေ ရှိလာတာကို သုတေသနပြုချက်အရ သိရှိရတဲ့အတွက်ကြောင့် သူတို့ကို Variant of concern လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ ဒီ Variant of concern လေးမျိုးထဲကနေ မြန်မာနိုင်ငံအနေနဲ့ သုံးမျိုးတွေ့ရှိရပါတယ်။ ဒါတွေက ‘အယ်လ်ဖာ’ ဗီဇပြောင်းပိုး တွေ့ရှိရပါတယ်။ ‘ဗီတာ’ ဗီဇပြောင်းပိုးကို မြဝတီဘက်မှာ တွေ့ရှိတာဖြစ်ပါတယ်။ နောက်တစ်ခုက ‘ဒယ်လ်တာ’ ဗီဇပြောင်းပိုးကို ကလေး၊ တမူးဘက်မှာ တွေ့ရှိတာ ဖြစ်ပါတယ်။

 


ဒါ့အပြင် Variant of Interest ဆိုတာ ရှိပါတယ်။ ဒါက သူ့ရဲ့ဗီဇ ပြောင်းမှုတွေက ရှိနေပါတယ်။ သို့သော် သူ့ရဲ့ ဗီဇပြောင်းမှုတွေကနေ သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေ၊ သက်ရောက်မှုတွေကို လေ့လာ စုံစမ်းဆဲဖြစ်ပါတယ်။ Variant of Interest ခုနစ်ခုရှိပါတယ်။ အရင်တုန်း က   ခြောက်ခုပါ။   ခုနစ်ခုမြောက်ကို  ပီရူးနိုင်ငံမှာ   တွေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ Kappa ဆိုတာကလည်း အမျိုးအစား ခုနစ်ခု ထဲမှာ တစ်ခု ပါဝင်ပါတယ်။

 


ဒါဆိုရင်   မြန်မာနိုင်ငံမှာ Variant of concern (VOC) သုံးမျိုးနဲ့ Variant of Interest (VOI) တစ်မျိုးရှိနေပြီဖြစ်ပါတယ်။ ဒီပိုးတွေအနေနဲ့ ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုရင် မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ VOC သုံးခုစလုံးက ကူးစက်မှုအလွန်မြန်ပါတယ်။ ဒီထဲမှာ ကူးစက်မှုအမြန်ဆုံး သည် ‘ဒယ်လ်တာ’ ဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ကို အလွန်လျင်မြန်သော၊ အသန်စွမ်းဆုံးသော    ဗီဇပြောင်းပိုးလို့    သတ်မှတ်ထားပါတယ်။ ကူးစက်မှုမြန်တဲ့ ဒီ Variant လေးမျိုးအနက် ‘အယ်လ်ဖာ’ နဲ့ ‘ဒယ်လ်တာ’ က ကူးစက်မှုမြန်ဆန်တဲ့အပြင် ရောဂါဖြစ်ပွားသူရဲ့ မိသားစုဝင်တွေ၊ အပေါင်းအသင်းတွေကြားထဲမှာ  ဖြစ်ပွားမှုလို့ခေါ်တဲ့    Secondary Attack Rate က မြင့်ပါတယ်။ ဒါကြောင့် တစ်ယောက်ဖြစ်တယ်ဆိုရင် အုပ်စုအလိုက်၊ အစုအလိုက် အများကြီးဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။
‘အယ်လ်ဖာ’ နဲ့ ‘ဒယ်လ်တာ’ နှစ်ခုစလုံးက ဆေးရုံတက်ရောက်ရတဲ့ အဆင့်အထိ များပါတယ်။ ဒီလို ဗီဇပြောင်းပိုး  ကူးစက်ခံရပြီဆိုရင် ဆေးရုံတက်ရောက်ရမှုက တခြားမျိုးဗီဇပြောင်းပိုးတွေထက် များတာကို တွေ့ရပါတယ်။ ဒါ့အပြင် ‘အယ်လ်ဖာ’ မှာ ရောဂါဝေဒနာပြင်းထန်မှု၊ သေဆုံးမှုများတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က  ပြောထားပါတယ်။   ‘ဗီတာ’ နဲ့ ‘ဂါမာ’   နှစ်ခုစလုံးက ဒါနဲ့ ပတ်သက်ပြီး ပြောကြားထားတာ မရှိသေးပါဘူး။

 


ရောဂါပိုးရှိတဲ့သူတွေမှာ ရောဂါပြန်ဖြစ်နိုင်ခြေအနေနဲ့ ‘အယ်လ်ဖာ’ က ပြန်ဖြစ်နိုင်ခြေမရှိပါဘူး။ ဒါကြောင့် ‘အယ်လ်ဖာ’ ရောဂါပိုးကူးစက်ခံရ သူတွေအနေနဲ့   ရောဂါပြန်ဖြစ်နိုင်ခြေ နည်းပါတယ်။   ‘ဒယ်လ်တာ’ အနေနဲ့   ပြန်ဖြစ်နိုင်ခြေရှိပါတယ်။   သူ့ရဲ့ နဂိုခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပဋိပစ္စည်းက အနည်းငယ် ကျဆင်းသွားတယ်ဆိုတာ တွေ့ရပါတယ်။ ကျန်တဲ့‘ဗီတာ’နဲ့ ‘ဂါမာ’ကလည်း အနည်းငယ် ကျဆင်းသွားတဲ့အတွက် ကြောင့် သူတို့အနေနဲ့လည်း ပြန်ဖြစ်နိုင်ပါတယ်လို့ ပြောထားပါတယ်။ 
ဒါဆိုရင်  အခုရောဂါရှာဖွေတဲ့ RT - PCR Test တွေလုပ်တယ်။ Rapid Test တွေလုပ်တယ်။ အဲဒီလို Test တွေက  ရောဂါပိုးတွေ ကူးစက်ခံရပါလျက်နဲ့ Negative ပြနိုင်သလားဆိုတာနဲ့ ပတ်သက်ရင် ‘အယ်လ်ဖာ’ မှာ Test တွေကို ကျော်လွန်နိုင်ခြင်းမရှိပါဘူး။ RT-PCR Test ဆိုတဲ့ စစ်ဆေးမှုတွေ၊ Rapid Test စစ်ဆေးမှုတွေက ကောင်းစွာ ဖမ်းမိနိုင်ပါတယ်။ ပိုးရှိရင်ရှိကြောင်း   ပြသနိုင်ပါတယ်။  ကျန်တဲ့ သုံးမျိုး ကလည်း ရောဂါကို ရှာဖွေစမ်းသပ်မှုကနေ လွတ်ထွက်သွားနိုင်တဲ့ အထောက်အထားတွေ မတွေ့ရှိရသေးပါဘူး။ 

 


ဗီဇပြောင်းပိုးတွေကို နိုင်ငံပေါင်းဘယ်လောက်ကို ရောက်ရှိသွားပြီ လဲဆိုရင်  ‘အယ်လ်ဖာ’ သည် နိုင်ငံပေါင်း ၁၈၀ ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ‘ဗီတာ’ က နိုင်ငံပေါင်း ၁၃၀ ကို ‌ရောက်ရှိနေပြီး ဖြစ်ပါတယ်။  ‘ဂါမာ’ ကတော့ နိုင်ငံ ၇၈ နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှု တွေများစေတဲ့ ‘ဒယ်လ်တာ’ ကတော့ နိုင်ငံပေါင်း ၁၂၄ နိုင်ငံကို ရောက်ရှိ သွားပြီဆိုတာကို WHO ရဲ့ Weekly Epidemiological Update ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်အရ သိရှိရပါတယ်။  
‘အယ်လ်ဖာ’  နဲ့  ‘ဒယ်လ်တာ’ မှာဆိုရင်   ‘ဒယ်လ်တာ’ သည် ‘အယ်လ်ဖာ’ ဆိုတဲ့   ဗီဇပြောင်းပိုးထက်စာရင်     ၆၀ ရာခိုင်နှုန်း ပိုပြီးကူးစက်မြန်ပါတယ်။  အချို့တွေက အဆ ၆၀ လို့ ပြောနေတာ မဟုတ်ပါဘူး။ ၆၀ ရာခိုင်နှုန်းသည် ၁ ဒသမ ၆ ဆဖြစ်ပါတယ်။ ဒါဆိုရင် ‘အယ်လ်ဖာ’ ဆိုတဲ့ ဗီဇပြောင်းပိုးကရော သူကလည်း နဂိုမူရင်း ကိုဗစ်- ၁၉ ရောဂါကို ဖြစ်ပွားစေတဲ့ရောဂါပိုးထက် ၅၀ ရာခိုင်နှုန်း ကူးစက်မှု မြန်ပါတယ်။   ‘အယ်လ်ဖာ’   ကိုယ်တိုင်က   တစ်ဆခွဲမြန်ပါတယ်။ ‘အယ်လ်ဖာ’ ထက်စာရင်   ‘ဒယ်လ်တာ’ က နောက်ထပ်  ၁ ဒသမ ၆ ဆ ပိုပြီး ကူးစက်မြန်တာ ဖြစ်ပါတယ်။ အဆ ၆၀ တို့၊   ရာနှုန်းပြည့်တို့ဆိုတာ မဟုတ်ပါဘူး။ ဒါကိုသိခြင်းအားဖြင့် လူထုတွေကြားထဲမှာ ပြန့်နေတဲ့ ကောလာဟလ    အမှားတွေကို     ချေဖျက်ပြီးသားဖြစ်သွားအောင် ပြောရခြင်းဖြစ်ပါတယ်။ 
အခုလက်ရှိ     အိန္ဒိယမှာဖြစ်ပွားမှု၊   ယူကေမှာဖြစ်ပွားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က  ‘ဒယ်လ်တာ’ ကြောင့်ဖြစ်တယ်။   မကြာမီ အချိန်အတွင်းမှာ ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုသည် မျိုးဗီဇပြောင်း‘ဒယ်လ်တာ’ ကြောင့် အဓိကဖြစ်မယ်လို့ WHO ကလည်း ပြောထားပါတယ်။  US မှာဆိုရင်   ဇွန်လမှာ ‘ဒယ်လ်တာ’ ကြောင့် ရောဂါဖြစ်ပွားမှုက   ၂၀ ရာခိုင်နှုန်းကျော်ရှိတယ်။       ဇူလိုင်လကုန်မှာ သူတို့တွေ     ခန့်မှန်းတွက်ချက်ထားတာက   ၈၀ ရာခိုင်နှုန်းကျော်  ‘ဒယ်လ်တာ’ ဖြစ်မယ်လို့‌‌ပြောထားပါတယ်။ 

 


ကိုဗစ် - ၁၉ ကြောင့် ရောဂါခံစားရပုံတွေကရော   ဘယ်လိုတွေ   ကွဲပြားသွားသလဲဆိုတာကိုလည်း        စိတ်ဝင်စားနေကြပါတယ်။ ဆိုရှယ်မီဒီယာတွေမှာလည်း   ဒါနဲ့ပတ်သက်ရင်    ပုံကြီးချဲ့ပြောတာ တွေလည်း ရှိပါတယ်။ လူထုကြားထဲမှာ မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှု တွေလည်း ဖြစ်စေတဲ့အတွက် ဒါကိုလည်း ရှင်းပြချင်ပါတယ်။

 


အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ကိုဗစ်-  ၁၉ ကြောင့်    ရောဂါလက္ခဏာ    ဘာတွေခံစားရသလဲဆိုတာကို ပြောထားပါတယ်။ ကိုဗစ် - ၁၉ ရောဂါ လက္ခဏာတွေအနေနဲ့ဆိုရင် ဖျားမယ်။ ချမ်းမယ်။ ချောင်းဆိုးမယ်။ မောမယ်၊ အသက်ရှူရခက်မယ်။ ပင်ပန်းနွမ်းနယ်နေမယ်။ ခန္ဓာကိုယ်က ကြွက်သားတွေ ကိုက်ခဲမယ်။ ခေါင်းကိုက်မယ်။ အစားအသောက်ပျက်မယ်။ အနံ့အရသာပျောက်မယ်။ လည်ချောင်းနာမယ်။ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာတွေဖြစ်မယ်။ ပျို့အန်မယ်။ ဝမ်းသွားမယ်  ဒါကတော့ CDC ရဲ့ ထုတ်ပြန်ချက်အရ ဖြစ်ပါတယ်။ 

 


တချို့ပညာရှင်တွေရဲ့           သုတေသနပြု      တွေ့ရှိချက်တွေအရ ‘ဒယ်လ်တာ’ က    ဒီလိုလက္ခဏာတွေနဲ့   လာတတ်ပေမယ့် သူက ချောင်းဆိုးတာနဲ့ ပိုလာတတ်ပါတယ်။ အသက်ရှူရခက်ခဲတာနဲ့ ပိုလာ တတ်ပါတယ်။  ဖျားတာနဲ့လာပါတယ်။   ကိုယ်လက်တွေကိုက်ခဲတာ၊ နှာခေါင်းပိတ်နှာရည်ယိုတာနဲ့ လာပါတယ်။ အနံ့ပျောက်တာ၊ အရသာ ပျောက်တာက   နည်းတယ်လို့     ပြောထားပါတယ်။ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ကြောင့် ကာကွယ်ဆေးမထိုးထားတဲ့ အထူးသဖြင့် အသက်ငယ် တဲ့သူတွေမှာ   ရောဂါဖြစ်ပွားမှု၊   ဆေးရုံတက်‌ရောက်ရမှု များတယ် ဆိုတာကို သိစေချင်ပါတယ်။ 

 


ဒါကြောင့် အနံ့ပျောက်သွားတယ်ဆိုရင် ကိုဗစ် - ၁၉ ဖြစ်နိုင်ချေ ရှိပါတယ်။ သို့သော် အနံ့မရဘူး၊ အစားအသောက်လည်း မပျက်ဘူးဆိုလို့ ကိုဗစ် - ၁၉ မဟုတ်ဘူးလို့ မယူဆစေချင်ပါဘူး။ ဒါကို သိစေချင်ပါတယ်။ ဒါဆိုရင် ချောင်းဆိုးတယ်။ ဖျားတယ်။ ကိုယ်လက်ကိုက်ခဲပြီး နှာရည်ယို နှာပိတ်ပြီ ဒီလိုလက္ခဏာတွေ မိမိမှာရှိနေပြီဆိုတာကို ကိုဗစ် - ၁၉ လို့သံသယရှိပြီး စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ ရောဂါလက္ခဏာတွေ အနေနဲ့ အများကြီး ပြောင်းလဲတာမဟုတ်ပါဘူး။ မျိုးရိုးဗီဇ ပြောင်းလဲမှု ကြောင့် သူ့ကိုဖော်ပြတဲ့ပုံစံ နည်းနည်းကွဲသွားတာ ဖြစ်ပါတယ်။ 

 


လူငယ်တွေက ပိုဖြစ်တယ်ဆိုတာက အများစုသော နိုင်ငံတွေမှာ လူငယ်တွေက  ကာကွယ်ဆေး  မထိုးထားကြဘူး။   လူငယ်တွေက ကိုယ်ခံအားတွေက ကောင်းတယ်၊ ဖြစ်လာရင်လည်း ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးဆိုတော့ ကာကွယ်ဆေးထိုးရမယ့် ဦးစားပေးစာရင်းမှာ မပါဘူး။   နိုင်ငံတိုင်းမှာ အသက် ၆၅ အထက်၊   ၆၀ အထက်ကို ဦးစားပေးအနေနဲ့ ထိုးပါတယ်။ ဒါက CDC နဲ့ WHO ရဲ့ လမ်းညွှန်ချက် အရ ဖြစ်ပါတယ်။ သူတို့တွေမှာ အများစုက ကာကွယ်ဆေးထိုးထားတော့ ကာကွယ်နိုင်ပြီးသားဖြစ်တယ်။ ကာကွယ်မှုမရတဲ့သူတွေမှာ ပိုဖြစ်လာ တယ်ဆိုတာ တွေ့ရှိရပါတယ်။ 

 


Yale တက္ကသိုလ်က ပြုလုပ်ထားတဲ့ Delta Variant နဲ့ ပတ်သက်ပြီး ထူးခြားချက် ငါးချက်ရှိပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကို ဇူလိုင် ၂၂ ရက်က   ထုတ်ပြန်တာဖြစ်ပါတယ်။    ဗိုင်းရပ်စ်တွေက အချိန်နဲ့အမျှ   မျိုးဗီဇတွေက   ပြောင်းလဲနေတယ်။  ဖုန်းတွေမှာ ဗားရှင်းတွေ တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ပြီး ပိုကောင်းအောင်လုပ်သလို  သူကလည်းလုပ်ပါတယ်။ ကမ္ဘာကြီးကို ပတ်မွှေပြီး ဒုက္ခပေးနိုင်အောင် ဆောင်ရွက်နေတာ  ဖြစ်ပါတယ်။ လက်ရှိ  ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ကြောင့် လူ ၁၉၄ သန်းကျော်ကို ရောဂါဖြစ်ပွားစေပြီး ၄၁ သိန်းခွဲကျော် သေစေတဲ့ ရောဂါဖြစ်တော့ သူ့ကို ပေါ့ပေါ့သဘောထားလို့ မရပါဘူး။ သူ့ရဲ့မျိုးဗီဇက မြန်မြန်ဆန်ဆန် အချိန်နဲ့အမျှ ပြောင်းလဲတယ်။ ပိုပြီး ရောဂါကူးစက်မှုကို အရှိန်အဟုန်နဲ့ ဖြစ်အောင် သူက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 


ဒါကြောင့် ကာကွယ်ဆေးထိုးပါလို့ ပြောခြင်းဖြစ်ပါတယ်။ လက်ရှိ ‘ဒယ်လ်တာ’ မျိုးဗီဇအပါအဝင် အခြားမျိုးကွဲတွေကို ကာကွယ်ဆေးက ကောင်းမွန်စွာ ကာကွယ်နိုင်ပါတယ်။ WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေအားလုံးသည် ဗီဇပြောင်းပိုးတွေကို ၆၀ ရာခိုင်နှုန်း အထက် ကာကွယ်နိုင်ပါတယ်။ 
‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ရဲ့ ထူးခြားချက် ငါးချက်အနက် နံပါတ် ၁ အချက်က အခြားသော မျိုးဗီဇကွဲတွေအားလုံးထက် ကူးစက်မှု အလွန် မြန်ဆန်ပါတယ်။ ရန်သူကို လျှော့မတွက်စေချင်ပါဘူး။ အလွန်မြန် ပါတယ်။ WHO က ပြောထားပါတယ်။ ‘ဒယ်လ်တာ’ သည် အလွန် လျင်မြန်သော၊ အလွန်ကြံ့ခိုင်သော မျိုးဗီဇအမျိုးအစား၊ ဗားရှင်းဖြစ်တယ် လို့  ပြောထားပါတယ်။  မြန်လည်းမြန်၊ ကြံ့ခိုင်တော့  သူ့ကို နှိမ်နှင်းနိုင်ဖို့ ဂရုစိုက်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ ကူးစက်မှုကလည်း Lancet ဂျာနယ်ရဲ့ ထုတ်ပြန်မှုတွေအရ နဂိုကူးစက်မှုက  နှစ်ယောက်ခွဲကနေ ‘ဒယ်လ်တာ’ သည် ငါးယောက်ကနေ ရှစ်ယောက်ဆို‌တော့ နဂိုကူးစက်မှုက သုံးဆ၊ လေးဆလောက်များလာတယ်ဆိုတဲ့သဘောကို တွေ့ရမှာ ဖြစ်ပါတယ်။ 

 


နံပါတ် ၂ က ‘ဒယ်လ်တာ’  ဗိုင်းရပ်စ်သည်   ဘယ်လိုလူတွေမှာ ပိုဆိုးစေသလဲဆိုတော့ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ အဆိုးဆုံး ဖြစ်ပါတယ်။ US မှာဆိုရင် အသက် ၅၀ အောက် ‘ဒယ်လ်တာ’  ဗိုင်းရပ်စ် ကြောင့်သေဆုံးမှုက ၂ ဒသမ ၅ ဆများလာတယ်လို့ ပြောထားပါတယ်။
နံပါတ် ၃ အချက်က   ‘ဒယ်လ်တာ’  ဗိုင်းရပ်စ်က    အုပ်စုလိုက် အုပ်စုလိုက် ကူးစက်မှုတွေ အကြီးကြီးဖြစ်ဖို့အတွက် သူက ဦးဆောင် သွားနိုင်တယ်လို့ ပြောပါတယ်။ ဖြစ်ပွားမှုတွေ အကြီးတွေဖြစ်တယ်ဆိုရင် ‘ဒယ်လ်တာ’  ဗိုင်းရပ်စ်ကြောင့်ဆိုတာ သံသယဖြစ်စရာမလိုဘဲ သူက လက်သည်ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေ အများကြီးရှိတဲ့ နေရာမှာ သူမနေပါဘူး။  ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေဆီကို ခုန်ကျော်သွားပါတယ်။ ခုန်ကျော်သွားတယ်ဆိုလို့ လူတွေက နားလည်မှု လွဲပြီး   ခုန်ကူးပြီး သွားတယ်ထင်နေဦးမယ်။   တင်စားပြောခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ ဖြစ်ပွားဖို့အတွက် သူက စောင့်နေပါတယ်။ ကိုယ်ခံအားနည်းနေတဲ့ ပတ်ဝန်းကျင်အသိုင်း အဝန်းကို သူက သွားပါတယ်။ ကောင်းကောင်း ဒုက္ခပေးပါတယ်။ 

 


လူမှုအသိုင်းအဝန်းတစ်ခုမှာဖြစ်ဖြစ်၊     နေရာတစ်ခုမှာဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုမှာဖြစ်ဖြစ် ကာကွယ်ဆေးမထိုးထားတဲ့ လူအုပ်စုဆိုရင် သူ့ရဲ့အကြိုက်ဖြစ်ပါတယ်။ ဒီလူတွေမှာ မျိုးပွားမယ်။ ဒုက္ခပေးမယ်။ တစ်နေရာတည်းမှာ      ရောဂါဖြစ်ပွားမှုတွေ      အမြောက်အမြား  (Hyperlocal  Outbreaks)    ဖြစ်ပွားနိုင်ပါတယ်။       အထူးသဖြင့်  မျိုးဗီဇပြောင်းတာတွေအကုန်လုံးနဲ့   ကာကွယ်ဆေးထိုးနှံခြင်းဟာ အပြေးပြိုင်နေသလိုပါပဲ။ ကာကွယ်ဆေးထိုးနှံမှုများလေလေ ဗီဇပြောင်း ပိုးတွေက ဒုက္ခပေးနိုင်မှုကနည်းပြီး သူတို့က အနောက်မှာ ကျန်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံနိုင်မှုနည်းရင် သူတို့ အရှေ့က ဆီးကြိုပြီး ဒုက္ခပေးတဲ့ သဘောဖြစ်ပါတယ်။   ဒါက ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ရဲ့    ထူးခြားချက် နံပါတ် ၃ ဖြစ်ပါတယ်။ 

 


နံပါတ်   ၄ အချက်က    ‘ဒယ်လ်တာ’  ဗိုင်းရပ်စ်နဲ့    ပတ်သက်ပြီး  သုတေသနပြုစရာတွေ၊ လေ့လာစရာတွေ၊ မသိတာတွေ အများကြီး ကျန်နေပါသေးတယ်လို့ ဆိုပါတယ်။ ဥပမာ -  စကော့တလန်မှာလုပ်တဲ့ လေ့လာတွေ့ရှိချက်မှာဆိုရင်   သူက   ဆေးရုံတက်ရောက်ရမှုမှာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ နှစ်ဆများတယ်။ ရောဂါလက္ခဏာ တွေ ပြင်းထန်စေတယ်လို့ပြောပါတယ်။ WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေသည်  ‘ဒယ်လ်တာ’ အပါအဝင် ဗီဇပြောင်းဗိုင်းရပ်စ် ကြောင့်     ရောဂါလက္ခဏာဖြစ်ပွားမှုကို   ၆၀ ရာခိုင်နှုန်းအထက် ကာကွယ်ပြီး   ဆေးရုံတက်ရောက်ရမှုကို   ၉၃ ရာခိုင်နှုန်းအထက် ကာကွယ်တယ်လို့ WHO က ပြောထားပါတယ်။ 

 


နောက်ဆုံးနဲ့ အရေးအကြီးဆုံးက နံပါတ် ၅ အချက် ဖြစ်ပါတယ်။ ဒါကတော့ ကာကွယ်ဆေးတွေသည် လက်ရှိ ဒါက ‘ဒယ်လ်တာ’ ဗိုင်းရပ်စ် အပါအဝင် အခြားမျိုးဗီဇကွဲတွေအားလုံးကို ကာကွယ်နိုင်ဖို့အတွက် အစွမ်းအထက်ဆုံးလို့  ပြောထားပါတယ်။   ဒါကြောင့် ကျွန်မတို့သည် ကာကွယ်ဆေးတွေကို ထိုးမယ်။ ထိုးခြင်းအားဖြင့် ကာကွယ်မှုတွေကို များများရမယ်။ ကာကွယ်မှုတွေ များများရပြီဆိုရင် သူ့ကို ကြောက်စရာ မလိုတော့ပါဘူး။ သူ့ကို အနိုင်ယူနိုင်ပါတယ်။ 

 


ကာကွယ်ဆေးထိုးထားရင်   ကိုဗစ် - ၁၉   ရောဂါပိုးကြောင့် ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်ခံစားရမှု၊ ဆေးရုံတက်ရောက်ရမှု၊ အထူးကြပ်မတ်ကုသဆောင်ထဲ   ရောက်ရှိမှု၊    သေဆုံးမှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခွင့်အရေးရရှိသူတွေအနေနဲ့ ကာကွယ်ဆေးကို   အမြန်ဆုံးထိုးနှံဖို့အတွက်   တိုက်တွန်းပါတယ်။ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ထိုးနှံခြင်းနဲ့အတူ ကိုဗစ် စည်းကမ်းတွေ ဖြစ်တဲ့ ပါးစပ်နှာခေါင်းစည်း Mask တပ်တာ၊ လက်ဆေးတာ၊ လူအုပ်စု ရှောင်တာ၊ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးနေတာ၊ လေကောင်း လေသန့်ရတဲ့နေရာတွေမှာ    နေတာတွေကို     တစ်ပြိုင်နက်တည်း ဆောင်ရွက်မယ်ဆိုရင်   မကြာခင်အချိန်အတွင်းမှာ   ကိုဗစ် - ၁၉ ရောဂါပိုးကို    အမြန်ဆုံး      ကာကွယ်ထိန်းချုပ်နိုင်မှာဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။