
မကွေးခရိုင် နတ်မောက်မြို့နယ်၌ ဆောင်ရွက်နေသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းနှင့် ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ကိုဗစ်- ၁၉ ရောဂါဖြစ်လာရင် ဘယ်လို နေထိုင်စားသောက်သင့်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ အတွက် ကိုယ်ခံအားစနစ်ကောင်းအောင်ပဲ နေထိုင်စားသောက်ရမှာဖြစ်ပါတယ်။ ပြီးတော့ ရေဓာတ်များများဝင်ဖို့လိုပါတယ်။ ကိုဗစ်ရောဂါ လူနာတွေက ကိုဗစ်နဲ့အာဟာရမှာ တစ်နေ့ကို ရေ သုံးလီတာလောက် သောက်သင့်ပါတယ်လို့ဆိုပြီး အကြံပြုထားတာရှိပါတယ်။ ရေဓာတ်ဝင်ရမယ်၊ ပရိုတင်းနဲ့ ကယ်လိုရီကို သင့်တင့်မျှတအောင် စားရမယ်။ ကိုဗစ်လူနာက ချွေးထွက်များတဲ့အတွက် ကြောင့် ဆီးချို ၊ သွေးတိုး ရောဂါတွေမရှိဘူးဆိုရင် ဓာတ်ဆားရေသောက်ဖို့ အကြံပြုချင်ပါတယ်။
မေး။ ။ ဆေးရုံမှာ လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ Positive လူနာတွေထဲက အောက်ဆီဂျင် လိုတဲ့ လူနာနဲ့ နည်းနည်းစိုးရိမ်ရတဲ့ ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုတွေကို ဆေးရုံ Isolation Ward မှာ ထားပါတယ်။ အောက်ဆီဂျင် လိုအပ်ရင် အောက်ဆီဂျင်ပိုက်လိုင်းတွေနဲ့ စနစ် တကျသွယ်ထားပြီး အောက်ဆီဂျင်ပေးနေပါတယ်။ ကျွန်တော်တို့ဆေးရုံ Isolation Ward ထဲမှာ စိုးရိမ်ရတဲ့လူနာတွေ၊ အောက်ဆီဂျင်ကျနေတဲ့ လူနာ တွေ၊ သက်ကြီးရွယ်အိုတွေကို ဆေးထိုးပေးတာတွေ၊ လိုအပ်တဲ့ သောက်ဆေးပေးတာတွေ ဆောင်ရွက်ပေး နေပါတယ်။ ကျန်တဲ့ Positive လူနာတွေထဲက ကျန်းမာရေးကောင်းတဲ့ လူနာတွေအတွက်ကတော့ Positive Center သုံးခုမှာ ထားပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေ ကို ရောဂါရှိ/မရှိ ဘယ်လိုစစ်ဆေးပေး နေပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ တကယ်လို့ ကိုဗစ် ရောဂါလက္ခဏာ သံသယရှိပြီ၊ မိမိ ဘာသာ ခံစားနေရပြီလို့သိရင် မြို့နယ်ဆေးရုံအဝင်ဝ ဘေး နားနေဆောင်မှာ နေ့စဉ် နံနက် ၁၀ နာရီကျော် မှာ စာရင်းကောက်ယူပြီး နံနက် ၁၁ နာရီခွဲကစပြီး နေ့လယ် ၂ နာရီ အထိ စစ်ဆေးပေးနေပါတယ်။
မေး။ ။ ရောဂါလက္ခဏာတွေ့ရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရပါမလဲ။
ဖြေ။ ။ ဘယ်လိုဆက်သွယ်ရမလဲဆိုရင် Call Center မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သူနာပြုဆရာမကြီးရဲ့ ဖုန်းနံပါတ် ၀၉-၄၀၁၅၈၁၅၈၇ ကို ဆက်သွယ်မေးမြန်းလို့ ရပါတယ်။ ဘယ်အချိန်မှာ စစ်ရမလဲ ၊ ဘယ်လိုစစ်ရမလဲဆိုတာ ဆက်သွယ်မေးမြန်းလို့ ရပါတယ်။ ကျွန်တော်တို့ နေ့စဉ်လည်း စစ်ပေးနေပါတယ်။ အခုလောလော ဆယ် စစ်ပေးနိုင်တာက ရောဂါပိုးတွေ့သူနဲ့ ထိစပ်မိ သူ၊ ရောဂါလက္ခဏာ ခံစားနေရသူတွေကို ဦးစားပေး ပြီး စစ်ပေးနေပါတယ်။
မေး။ ။ ရောဂါပိုးတွေ့ရှိသူများလာတဲ့အပေါ် ဆေးရုံကြီးမှာထားဖို့ အခက်အခဲရှိလာ ရင် ဘယ်လိုများ စီမံဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ Positive Center သုံးခု ဖွင့်ထားပါ တယ်။ မြို့နယ်ဗိုလ်တေဇ အားကစား ကွင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးမှူးရုံး၊ ပြည်သူ့ခန်းမဆိုပြီး ဖွင့်ထားပါတယ်။ ဆေးရုံ အပါအဝင်ဆို Positive Center လေးခုရှိပါတယ်။ အဲဒီမှာ Quarantine ထားရှိပါတယ်။
မေး။ ။ လူနာတွေအတွက် အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နတ်မောက်မှာရှိတဲ့ ပရဟိတအဖွဲ့တွေ၊ အောက်ဆီဂျင် အသင်းတွေက မကွေး၊ ကျောက်ပန်းတောင်း၊ မန္တလေး၊ ပြည်အထိ သွားရောက်ပြီး အောက်ဆီဂျင် ဖြည့်တင်းရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိပါ တယ်။ ဇူလိုင်လ ၂၅ ရက်နေ့ ကစပြီး မကွေးက ကမ္ဘာကျော် အောက်ဆီဂျင်စက်ရုံကနေ နတ်မောက် မြို့နယ် ဆေးရုံအတွက် တစ်ရက်ကို လီတာ ၄၀ အောက်ဆီဂျင် ၁၀ လုံးဝယ်ယူခွင့်ပြု ထားပါတယ်။ အဲဒါကိုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကနေပြီးတော့ အဆင့်ဆင့် စီမံဆောင်ရွက်မှုနဲ့ ကျွန်တော်တို့မြို့နယ်အတွက် ခွဲတမ်းရတာပါ။ ဒါဟာ ကျွန်တော်တို့အတွက် တော်တော်ကံကောင်း တယ်လို့ ပြောရမှာပါပဲ။
မေး။ ။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့ သူတွေကို ထိုးနှံနိုင်ဖို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ဆီမှာ ကာကွယ်ဆေးအလုံး ရေ ၃၀၀ ရှိပါတယ်။ လမ်းညွှန်ချက်ထဲ မှာတော့ ပထမဦးစားပေးက ပညာရေးဝန်ထမ်း၊ ဒုတိယ ကျန်းမာရေးဝန်ထမ်း၊ နောက်ပြီးတော့ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ရှေ့တန်းက တာဝန်ယူဆောင်ရွက်နေတဲ့ ပရဟိတအသင်းတွေကို ထိုးပေးပါမယ်။ ကာကွယ်ဆေးလည်း နောက်ထပ် ထပ်ရောက်ပါမယ်။ ရောက်လာတဲ့အခါ အချိန်နှင့် တစ်ပြေးညီ ကြေညာပြီး ထိုးပေးဖို့ စီစဉ်နေပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ဆောင်ရန်၊ ရှောင်ရန်တွေအပြင် အခြား ဖြည့်စွက်ပြောချင်တာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ နတ်မောက်မြို့နယ်ဟာ အခုဆိုလို့ရှိရင် Stay at Home မြို့နယ်ဖြစ်သွားပြီ။
Positive ဦးရေလည်း အတော်များသွားပြီ။ သေဆုံးမှု တွေလည်း ရှိလာပြီ ။ ဒါကြောင့် စည်းမျဉ်း၊ စည်းကမ်း တွေ ထုတ်ပြန်ထားတာ ရှိပါတယ်။ အဓိကပြောချင် တာက ကိုဗစ်ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ အတွက်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန တစ်ခုတည်းလုပ်နေလို့ မရပါဘူး။ ကျန်တဲ့ ဝန်ကြီးဌာနတွေအပြင် အဓိက ကတော့ ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှုက အလွန်ကို အရေးပါ တဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းများကို စနစ်တကျ လိုက်နာခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ဘေးကနေပြီး တော့ အမြန်ဆုံးကင်းလွတ်မြောက်မှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ ။
ဥမ္မာခင် (ပြန်/ဆက်)