နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ဇူလိုင်လ  ၁၉ ရက်နေ့က ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးနှံမှုများကို  ဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်သူလူထုအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်    ကာကွယ်ဆေးများကို   လှူဒါန်းရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ်တင်သွင်းလျက်ရှိပြီး ဇူလိုင် ၂၂ ရက်တွင် တရုတ် နိုင်ငံမှ  ကာကွယ်ဆေး ခုနစ်သိန်းခွဲ ထပ်မံရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၂၃ ရက်နှင့် ၂၄   ရက်တို့တွင်လည်း  ဆက်တိုက်ရောက်ရှိလာမည်ဖြစ်ကြောင်း  သြဂုတ်လ ပထမအပတ်အတွင်း၌လည်း  ကာကွယ်ဆေးများ   ဆက်လက်ရောက်ရှိလာမည် ဖြစ်သဖြင့် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင် ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားချက်နှင့်အညီ တရုတ်နိုင်ငံ မှ    ပေးပို့သည့်ကာကွယ်ဆေးများ     မြန်မာနိုင်ငံသို့   ရောက်ရှိလာပြီဖြစ်သည်။ ဆက်လက်၍လည်း ကာကွယ်ဆေးများ ရောက်ရှိလာဦးမည်ဖြစ်ရာ မကြာမီတွင် နိုင်ငံတစ်ဝန်း၌ ကာကွယ်ဆေးထိုးနှံနိုင်တော့မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ရောဂါကူးစက်မှုကို လျော့ကျစေသည်။ ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကိုလည်း လျော့ကျသွားစေသဖြင့် အလွန်အကျိုးများသောကိစ္စဖြစ်သည်။ လူတစ်ဦးတစ်ယောက်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး နှာခေါင်း၊ ပါးစပ်မှဝင်ရောက်လာ သည့်အခါ ပဋိဇီဝပစ္စည်းများ ချေဖျက်လိုက်သည့်အတွက် မတော်တဆ ပိုးဝင်သွား လျှင်လည်း ဗိုင်းရပ်စ်သည် လူ့ခန္ဓာကိုယ်ထဲတွင် အကောင်များ များစွာမပွားတော့ပေ။ လူ့နှာခေါင်း၊ ပါးစပ်မှ ပိုးဝင်မှု လျော့နည်းသွားသဖြင့် ၎င်း၏မိသားစု၊ ၎င်းနှင့်ထိတွေ့ သူများ ကူးစက်ရန်အခွင့်အလမ်း လျော့နည်းသွားသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ခန္ဓာကိုယ်ထဲရှိ  ခုခံအားစနစ်ကို  တုံ့ပြန်မှု အားကောင်းအောင် ဆောင်ရွက်ပေးသည်။  ဗိုင်းရပ်စ်ပိုးများက  ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွင်းဝင်၍ ပွားလာလျှင် ခန္ဓာကိုယ်၏ ခုခံအားစနစ်က ပြန်လည်တုံ့ပြန် သည်။ ကာကွယ်ဆေးထိုးနှံထားမှုအပေါ်မူတည်၍ ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်း အထက်  ကာကွယ်ပေးနိုင်ပြီး  ရောဂါဝေဒနာ  ပြင်းပြင်းထန်ထန်ခံစားရမှုကို   ၉၅ ရာခိုင်နှုန်းအထက်ထိ ကာကွယ်ပေးနိုင်သည်။  ကမ္ဘာပေါ်တွင်   ကိုဗစ်-၁၉ ရောဂါ အဆင့်လိုက်ဖြစ်ပွားလျက်ရှိရာတွင် ကမ္ဘာ့နိုင်ငံများအားလုံးအနေဖြင့် ကာကွယ် ထိန်းချုပ်ရေး၏  အဓိကအချက်သည်   ကာကွယ်ဆေးဖြစ်သည်ကို   အားလုံးက လက်ခံထားကြသည်။ ထို့ကြောင့်  ကမ္ဘာ့နိုင်ငံများသည် ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးရလဒ်တစ်ခုမှာ မကြာမီက အင်္ဂလန်နိုင်ငံ တွင် ကျင်းပခဲ့သည့် ယူရို ၂၀၂၁ ဘောလုံးပြိုင်ပွဲကို တက်ရောက်အားပေးကြသည့် ပရိသတ်များသည် မည်သည့်အကာအကွယ်မှ  ဝတ်ဆင်စရာမလိုဘဲ ဘောလုံးကွင်း ထဲတွင် လွတ်လပ်ပေါ့ပါးစွာ  ပါဝင်အားပေးကြသည်ကို  တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ကာကွယ်ဆေးသည် အဓိကကျကြောင်းကို သိရှိလာကြပြီး ပါးစပ်၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့သည် ရောဂါပိုးကို ခန္ဓာကိုယ်ထဲသို့မဝင်နိုင် အောင်   ပိုမိုစိတ်ချစွာဖြင့်    ဆောင်ရွက်ခြင်းဖြစ်ကြောင်း    အသိပေးထားသည်။ ကာကွယ်ဆေးထိုးခြင်းနှင့်  အကာအကွယ်ပြုလုပ်ခြင်းကို  နှစ်မျိုးစလုံးဆောင်ရွက် ထားလျှင် ရောဂါကူးစက်မှုအတွက် ပိုမိုစိတ်ချနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မကြာမီကာလတွင် နိုင်ငံတစ်ဝန်းလုံး၌ ကာကွယ်ဆေးထိုးနှံပေးတော့ မည်ဖြစ်ရာ ကာကွယ်ဆေးထိုးအစီအစဉ်တွင် မိမိနှင့်  မိမိ  မိသားစုအတွက် ရရှိလာ မည့်အခွင့်အရေးကို    လက်လွတ်မခံဘဲ   ပါဝင်ထိုးနှံပေးကြရန်   လိုအပ်ပါသည်။ ယခင်က    ကာကွယ်ဆေးထိုးရန်   နိုင်ငံရေးပယောဂဖြင့်   ခြောက်လှန့်မှုများကို နားမယောင်ဘဲ မိမိတို့၏အသက်အန္တရာယ်ကင်းဝေးရေးအတွက် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်ပါသည်။ မိမိတို့နေထိုင်ရာဒေသ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် တစ်ခုလုံး   ကာကွယ်ဆေးထိုးနှံပြီးပါက   ကိုဗစ်-၁၉  ရောဂါပိုးအတွက်   ပူပန်မှု လျော့ပါးပြီး   မိမိတို့၏နေ့စဉ်ဆောင်ရွက်ဖွယ်ရာကိစ္စအရပ်ရပ်တို့ကို   စိတ်ချလက်ချ   သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။  	။
      
  Remark Type
              
          
      


